အသစ်ဖောက်လုပ်နေတဲ့ မန္တလေး-ပြင်ဦးလွင် အတက် အဆင်းလမ်းပိုင်းမှာ ပြင်ဦးလွင်ဘက်ခြမ်း အတက်အဆင်း လမ်းသစ်တစ်ဝိုက် ကမြေတွေကို ၀ယ်ယူဖို့စုံစမ်း
သူတွေများ ပြားနေတယ်လို့အိမ်ခြံမြေအကျိုးဆောင်
တချို့က ပြောပါတယ်။
ဖောက်လုပ်နေတဲ့ လမ်းသစ်ဟာ ပြင်ဦးလွင် ဘက်က အနီးစခန်းမှာ ပေါက်နေတာဖြစ်ပြီး အဲဒီနေရာတစ်ဝိုက်က ရွာမြေတွေနဲ့ သစ်တောမြေတွေဘက်ကို ၀ယ်ယူဖို့ စုံစမ်းလေ့လာကြတာဖြစ်ကြောင်း ပြင်ဦးလွင်မြို့
ကောင်းဟိန်းဆက်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ခင်သန်းက ယခုလ ၁၆ ရက်တွင် ပြောသည်။
"လမ်းသစ်ဖောက်နေတဲ့ နေရာတစ်ဝိုက်က တွေ့ရသလောက် သစ်တောမြေတွေများနေလို့ အန်တီတို့အနေနဲ့တော့ အလုပ်မလုပ် ရဲဘူး။ ဒီရက်ပိုင်းမှာ အခြေအနေကို လာစုံစမ်းတဲ့သူတွေတော့ များတယ်။ တချို့လည်း ၀ယ်ကြတာမျိုးရှိတယ်"လို့ ဒေါ်ခင်သန်းက ပြောပါတယ်။ အရင်က တစ်ဧကဆိုရင် ညှိနှိုင်းဈေးနဲ့ ရနိုင်ပေမယ့် အခုတော့ ကျပ် ၂၅ သိန်းနဲ့ သိန်း ၃၀ ကြား ပေါက်ဈေးတန်းဖြစ်ပြီး ဈေးခေါ်နေကြကြောင်း ဒေါ်ခင်သန်းက ပြောပါတယ်။ "အရောင်းအ၀ယ်တွေကတော့ အရပ်စာချုပ် ချုပ်နေကြတာပဲ။ တခြားပိုင်ဆိုင်မှုအထောက် အထားတွေ မပါပါဘူး"လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ ကော်ဖီစိုက်ပျိုးဖို့ အစိုးရ ကနေ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ချပေး ထားတဲ့ မြေနေရာတွေလည်း များစွာ ရှိပါ တယ်။ အနီးစခန်းတစ်ဝိုက် သစ်တောမြေ မဟုတ်တဲ့ ရွာမြေတွေကတော့ တစ်ဧကကို ကျပ်သိန်း ၅၀ ၀န်းကျင် ဈေးခေါ်နေကြ ကြောင်း ဒေါ်ခင်သန်းက ပြောပါတယ်။ အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းဟာ အကျိုးအမြတ်ကောင်း ရနိုင်တာမှန်ပေမယ့် ခိုင်မာတဲ့ပိုင်ဆိုင်ခွင့်နဲ့ စာချုပ်စာတမ်းကိစ္စကို အထူးဂရုစိုက် လုပ်ဆောင်သင့်တဲ့ လုပ်ငန်းလို့ အတွေ့အကြုံရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
အထူးသဖြင့် လယ်မြေ၊ လယ်ယာမြေတွေ အရောင်းအ၀ယ်လုပ်တဲ့ အခါမှာ အရပ်စာချုပ်နဲ့တင် မပြီးဘဲ ဘယ်လိုစာရွက်စာတမ်းတွေက အခြေခံကျပြီး မဖြစ်မနေပါဖို့ လိုအပ်တယ်ဆိုတာ သိထားသင့် တယ်လို့ ဆိုပါတယ်။ "အခု ပြင်ဦးလွင်အတက်လမ်းသစ်ကို လူပြောများနေလို့ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ သွားလေ့လာဖြစ်ပါတယ်။ ကျွန်တော် တို့ တွေ့ရတဲ့ ရောင်း တဲ့သူတွေမှာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်ခိုင်မာမာပြနိုင်တာမျိုး မတွေ့ရပါဘူး။ စိတ်ဝင်စားလို့ စုံစမ်းတာ ဖြစ် ပေမယ့် အဲဒါမျိုးကျ ကျွန်တော်တို့လည်း အလုပ်မလုပ်ရဲတော့ဘူး။ ဈေးခေါ်တာက တော့ တစ်ဧကကို သိန်း ၂၀ ၀န်းကျင်ပဲ"လို့ မန္တလေးမြို့သစ်က အိမ်မြေအကျိုးဆောင် ဦးကျော်က ပြောပါတယ်။
Credit: Myanmar Times