ရန်ကုန်တွင် စည်ပင်မှ ခွင့်ပြုချက်ရရှိခဲ့သော်လဲ စည်းကမ်းမဲ့ ဆောက်လုပ်နေသည့် အထပ်မြင့် အဆောက်အဦးများ၏ စီမံကိန်းများအား ယခုရက်ပိုင်းအတွင်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်ကပြောသည်။
" ကျနော်ပြုစုနေပါတယ် ရန်ကုန်မြို့က ဆောက်နေတဲ့ အဆောက်အဦးတွေထဲကစည်းကမ်းမဲ့ ဆောက်နေတဲ့ စီမံကိန်းကြီးတွေကိုရက်ပိုင်းအတွင်းထုတ်ဖော်ပြောကြားသွားပါ့မယ်" ဟု ၄င်း ကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်သည် အဓိကအားဖြင့် ၄င်းအား တာဝန်ပေးအပ်ထားသည့် အနောက်ပိုင်းခရိုက် မြို့နယ် ၁၀မြို့နယ် အတွင်းမှ အထပ်မြင့် အဆောက်အအုံစီမံကိန်းများအား အဓိကထုတ်ဖော်သွားရန် စီစဉ်ထားကြောင်းသိရသည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြ ပညာရှင်များ ပူးပေါင်းရေးဆွဲနေသည့် Zoning Plan အထပ်မြင့် အဆောက်အဦး များတည်ဆောက်ရမည့် သတ်မှတ်မြေပုံအတည်မပြု နိုင်သေးသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကသတ်မှတ်ချက် အပေါ် လက်တလုံးခြားယူ၍တည်ဆောက် နေမှုများလဲရှိကြောင်း ၄င်းကဆိုသည်။
ကော်မတီဝင် ဦးခင်လှိုင်သည် ရွှေတိဂုံဘုရားအနီး ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းရန် လုပ်ဆောင်ခဲ့မှုတွင် ပါဝင်သူ အဖြစ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းကလဲ တက္ကသိုလ်ရိပ်သာလမ်းမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဆောက်လုပ်သည့် ကွန်ဒိုအားရပ်ဆိုင်းရန် လုပ်ဆောင်ရာတွင် ၄င်းကိုယ်တိုင်ပါဝင်ခဲ့သည်။
လက်ရှိတွင် ကမ္ဘာအေးဘုရားလမ်းပေါ်မှ 68 residence တည်ဆောက်ရာတွင်လဲတည်ဆောက်ရန် လျာထားသည့် အထပ်များကိုလျှော့ချရန် လိုအပ်ကြောင်းပြောကြားထားသည့် ကော်မတီ ၀င်တစ်ဦးဖြစ်သည်။
ရန်ကုန်မြို့မှ အထပ်မြင့် အဆောက်အဦးများတည်ဆောက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်မှ တည်ဆောက်သည့် အထပ်မြင့် အဆောက်အဦးအများစုမှာစည်ပင်သို့ ခွင့်ပြုချက်တင် တည်ဆောက်သော်လဲ ဝန်ကြီးဌာနအချို့မှ တည်ဆောက်သည့် အဆောက်အဦး အများစုမှာ ခွင့်ပြုချက် တင်ခြင်းမရှိဘဲ ၄င်းတို့၏ သတ်မှတ်ထားသောဘတ်ဂျတ်ဖြင့် အချိန်မှီ တည်ဆောက် နေခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com