မြစိမ်းရောင်စီမံကိန်းကိုပြန်လည်သုံးသပ်ရန်ပြည်ထောင်စု
လွှတ်တော်တွင် ဆွေးနွေးမှုအပေါ် မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်က အောင်မြင်နေသောစီမံကိန်းတစ်ခုဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။
မြစိမ်းရောင်ကျေးရွာ စီမံ ကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမှုအပေါ် ကိုယ်စားလှယ် ဦးပိုက်ကိုက ပြန် လည်သုံးသပ်သင့်သည့် စီမံကိန်း ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက်တွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ ပြုလုပ်ခဲ့သည့်ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းဖြင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ပြန်လည်တုံ့ပြန် ပြောကြားခြင်းဖြစ်သည်။
မြစိမ်းရောင်ကျေးရွာ စီမံ ကိန်းသည် ပြည်သူဗဟိုပြု ဖွံ့ဖြိုး ရေးနည်းလမ်းများ အသုံးပြုကာ ပြည်သူတို့၏ လိုအပ်ချက်များကို ပြည်သူများကိုယ်တိုင် လေ့လာ ဆန်းစစ်၍ ကိုယ်တိုင်ရေးဆွဲပြီး ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေသောကြောင့်
အောင်မြင်နေကြောင်း ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း များကို တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ဆောင်ရွက်ရာတွင် ပြည်သူများပါဝင်သော ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးနည်းလမ်းများ အ သုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သိသာ ထင်ရှားသော စီမံကိန်းများအနေ ဖြင့် ကမ္ဘာ့ဘဏ်အထောက်အပံ့ ဖြင့် အကောင်အထည် ဖော်နေ သော လူထုဗဟိုပြုစီမံကိန်းနှင့် နိုင်ငံတော်ရန်ပုံငွေဖြင့် ဆောင် ရွက်သော မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့် ပြောကြားမှု ကို ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
‘‘မြစိမ်းရောင်စီမံကိန်းက အဓိကက ကျေးရွာပြည်သူလူထု အတွက် မဟုတ်ဘူး။
မဲများ ရလိုရငြားဆိုပြီး စီစဉ်ထားတာ။ အခု မဲလည်းမရရော ဖွတ်မရတဲ့အပြင် ဓားမပါဆုံးသွားလို့ကြေကွဲနေကြ တာ’’ဟု မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်နေသော
ညောင်ဦး မြို့နယ် ငါ့သရောက်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။
မြစိမ်းရောင်စီမံကိန်းကို ဝေဖန်သူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့ပြီး ပြည်သူလူထုအကျိုးထက် အစုအဖွဲ့တစ်ခုအတွက် ဆောင်ရွက် နေခြင်းဖြစ်ကြောင်းအောက်တို ဘာ ၂၅ရက်တွင် ပြုလုပ်ခဲ့သည့် ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံး ရေး ခရီးစဉ်၌ ပြောကြားခဲ့သည်။
‘‘မြစိမ်းရောင်စီမံကိန်း အောင်မြင်လား၊ မအောင်မြင် လားဆိုတာ ကျေးလက်က ဆင်းရဲသားတွေ ဘဝပြောင်းသွားသလား။ ပြောင်းမှမပြောင်းတာ ကိန်းဂဏန်းတွေ ဘယ်လောက်ပြပြ အဲဒီစီမံကိန်းက မအောင်မြင်ဘူးဆိုတာ တွေ့နေရတာပဲ’’ ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
Credit: 7Daydaily