မန္တလေးမြို့ ဧရာဝတီမြစ်ဘေးတွင် တဲထိုးကာ နေထိုင်လျက်ရှိသည့် အိမ်ရာမဲ့များအတွက် တည်ဆောက်သည့် တန်ဖိုးနည်းတိုက်ခန်းများမှာ ပြီးစီးသွားပြီဖြစ်သည့်အတွက် လာမည့် ဖေဖော်ဝါရီလအတွင်း၌ အငှားစနစ်ဖြင့် ချထားပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန၊ ဌာနမှူး ဦးလှမျိုးက ယခုလ ၂ ရက်က ပြောသည်။
"အခုဆောက်နေတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေက ပြီးစီးသွားပြီလို့ ပြောလို့ရတယ်။ ဒီတိုက်ခန်းတွေမှာ ဘယ်လိုမိသားစုတွေကို ဦးစားပေးချထားမလဲ။ ဘယ်လိုပုံစံ ချပေးမလဲ ဆိုတာ အစည်းအဝေး လုပ်နေတယ်။
တိုက်ခန်းတွေ ချထားပေးဖို့ကတော့ ဖေဖော်ဝါရီလအတွင်းလို့ သတ်မှတ်ထားတယ်"ဟု ဦးလှမျိုးက ပြောသည်။
မြစ်ဘေးနေ အိမ်ရာမဲ့များအတွက် တည်ဆောက်သည့် တန်ဖိုးနည်းတိုက်ခန်းများကို ၂၀၁၅ ခုနှစ်၊ မတ်လက စတင် ဆောက်လုပ်ခဲ့ပြီး အဆိုပါတိုက်ခန်းများကို မြေ ၇ ဧကနီးပါးပေါ်၌ တည်ဆောက်ခြင်း ဖြစ်သည်။ ၆ ထပ်တိုက် ၂၂ လုံး ရှိကာ စုစုပေါင်းတိုက်ခန်းပေါင်းမှာ ၁,၅၈၄ ခန်း ပါရှိသည်။ တိုက်ခန်းတစ်ခန်း၏ အကျယ်အ၀န်းမှာ ပေ ၂၀ × ၁၀ ပေရှိပြီး အခန်းတိုင်းတွင် အိမ်သာနှင့် ရေချိုးခန်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်နိုင်မည့် အိမ်ရာမဲ့ စာရင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က စာရင်းများ ကောက်ယူခဲ့ကြောင်း သိရပြီး တိုက်ခန်းတစ်ခန်းအတွက် အငှားနှုန်းထားမှာ ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။ "အခုလို တန်ဖိုးနည်းအိမ်ရာ ဆောက်ပေးတာကို ကျေးဇူးတင်ပါတယ်။ အခန်းချပေးရင်လည်း ထိုက်သင့်တဲ့ ဈေးနှုန်းလေး ဖြစ်မယ်ဆိုရင် ကောင်းမှာပါ"ဟု မြစ်ဘေးနေထိုင်သူ ဦးထွန်းနိုင်က ပြောသည်။
Credit: Myanmar Times