မုံရွာမြို့နယ် လယ်ဇင် ကျေးရွာတွင် ကျွန်းများဖြင့် တည်ဆောက်ထားပြီး နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်း ဗိသုကာလက်ရာမြောက် ဓမ္မနန္ဒ ကျောင်းဆောင်တော်နှင့် နယ်ပိုင်သူကြီးနေအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့လာ မှု ပိုများလာကြောင်း လယ်ဇင် ကျေးရွာဒေသခံများ သိရှိရသည်။
ရှေးဟောင်းကျောင်းဆောင် နှင့် နေအိမ်ကို အင်္ဂလန်၊ ပြင် သစ်၊ အမေရိကန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ် စသည့်နိုင်ငံများမှ ခရီးသွားများ လာရောက်လေ့လာမှု အများဆုံးဖြစ်ပြီး ပြည်တွင်းမှ သမိုင်းစိတ်ပါဝင်စားသူအချို့ လာရောက်လေ့လာမှုများလည်းရှိကြောင်း သိရသည်။
လယ်ဇင်ကျေးရွာမှ နယ်ပိုင်သူကြီးနေအိမ်၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ရာမှ စိတ်ဝင်စားသူ များပြားခဲ့ခြင်းဖြစ်သည်။
‘‘လယ်ဇင်ရွာထဲမှာတော့ ရှေးဟောင်းအိမ်တွေ မရှိတော့ ဘူး။ ဓမ္မနန္ဒကျောင်းဆောင်ကြီး တည်ဆောက်လှူဒါန်းတဲ့ လယ် ဇင်နယ်ပိုင်သူကြီး ဦးရာပို၊ ဒေါ် မယ်ရှန်တို့ နေအိမ်ကတော့ ရှိ သေးတယ်။ ကျောင်းဆောင်ကြီး ထက်စောပြီး ဆောက်ခဲ့တယ်လို့ ယူဆရတယ်။ ပြည်တွင်းကလာ ပြီး လေ့လာတာနည်းတယ်။ ပြည် ပက လာရောက်လေ့လာတာများ တယ်’’ဟု မုံရွာမြို့လယ်ဇင်ကျေး ရွာ သာသနာ့ဝိသောဓနီကျောင်း တိုက်ဆရာတော်ဦးပဏ္ဍိတကမိန့် ကြားခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၅၈ခု နှစ်က နယ်ပိုင်သူကြီးက လယ်တီဆရာတော်ကြီးအား သီတင်းသုံးနေထိုင်ရန် ရည်ရွယ်၍ ဓမ္မနန္ဒ ကျောင်းဆောင်ကို မြန်မာ့ဗိသု ကာလက်ရာများဖြင့် တည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဓမ္မနန္ဒကျောင်းဆောင်တွင် လယ်တီဆရာတော်ကြီးသည် တစ်ဝါသာ သီတင်းသုံးနေထိုင်ခဲ့ ပြီး နိဗ္ဗန္ဒဒီပနီကျမ်းအား အဆိုပါ ကျောင်းဆောင်ကြီး၌ ပြုစုခဲ့ ကြောင်း သမိုင်းအထောက်အ ထားများအရ သိရသည်။ အဆိုပါ ရှေးဟောင်းကျောင်းဆောင်ကြီး တွင် ဆရာတော်လေးဆက် မြောက် ၁၃၀၀ ပြည့်နှစ်နောက် ပိုင်း ကျောင်းထိုင်ဆရာတော်မရှိ ဘဲ ထိန်းသိမ်းစောင့်ရှောက်မှုကင်း မဲ့ခဲ့ပြီး လွန်ခဲ့သော ၁၆ နှစ်ခန့်မှစ ၍ လယ်ဇင်ကျေးရွာ၌ မွေးဖွားခဲ့သော ဆရာတော်ဦးပဏ္ဍိတက ပြန်လည်ထိန်းသိမ်းစောင့်ရှောက် ခဲ့သည်။
‘‘စစ်အတွင်းက ဒီကျောင်းဆောင်ကြီးထဲမှာ ဂျပန်စစ်တပ် တပ်စွဲနေခဲ့တာ။ ခေတ်ပျက်တော့ ကျောင်းဒကာတွေကလည်း မြို့ပြောင်းသွားတယ်။ ကျောင်းထိုင်ဆရာတော်လည်း မရှိတော့တဲ့အတွက် ပျက်စီးမှုပိုများခဲ့တယ်။ လက်ရှိဆရာတော်ကြီး လက်ထက်မှ ပြန်လည်ပြုပြင်ထိန်းသိမ်း
ထားတာ’’ဟု လယ်ဇင်ကျေး ရွာဒေသခံကဗျာဆရာဟိန်းထက် (လယ်ဇင်)က ပြောသည်။
နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းအိမ်ကြီးနှင့်အတူ ရှေးခေတ် ကောက်ပဲ သီးနှံ သိုလှောင်ထားရာ စပါးကျီတစ်ခုကိုလည်း လေ့လာတွေ့ရှိနိုင်သည်။
ရှေးဟောင်းနေအိမ်ကြီးတွင် လူနေထိုင်ခြင်း မရှိသော်လည်း မိသားစုဝင်များက ထိန်းသိမ်းစောင့်ရှောက်ထားသည်။
ဒုတိယကမ္ဘာစစ်အတွင်း စစ် ဘေးဒဏ်အပြင်လယ်ဇင်ကျေးရွာ တွင် မီးလောင်မှုအကြိမ်ကြိမ်ဖြစ် ပွားခဲ့သော်လည်း ကျွန်းသားဖြင့် ဆောက်ထားသော ရှေးဟောင်း ကျောင်းဆောင်ကြီးနှင့် အိမ်ကြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ခြင်းမှာ အံ့သြဖွယ်ရာပင်ဖြစ်ကြောင်း လယ်ဇင်ကျေးရွာဒေသခံများ ပြောပြချက်အရသိရသည်။
ယခုအခါ လယ်ဇင်ကျေးရွာ ရှိ ရှေးဟောင်းကျောင်းဆောင် ကြီးနှင့် အိမ်ကြီးတွင် ခေတ်ကာလ ကြာရှည်လာသည်နှင့်အမျှ ပျက် စီးယိုယွင်းမှုများ ရှိခဲ့သော်လည်း ရှေးဟောင်းလက်ရာမပျက်ပြုပြင် ထိန်းသိမ်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထိန်းသိမ်းနေသူများကဆိုသည်။
Credit : 7Day Daily