ပြည်တွင်းစစ် ပြသနာကြောင့် စစ်ပြေး ဒုက္ခသည် အများအပြား ရန်ကုန်မြို့တော်ကို တက်လာပြီး မြို့တော်တွင်းက မြေကွက်လွတ်တွေ မှာ တဲတွေစုပြီး ထိုးနေကြတဲ့ အတွက် မီးဘေးအန္တရာယ် တွေ ၊ ကျန်းမာရေး လူမှုရေး ပြသနာတွေ များပြားလာတဲ့အပြင် မြို့ပြ အမြင်မတင့်တယ်တဲ့ ပုံရိပ်တွေကို ဖြေရှင်းဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့တော်ကို ၁၉၅၈ - ၁၉၆၀ မှာ သာကေတ ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ သုဝဏ္ဍ မြို့သစ်တွေ ဆိုပြီးအစိုးရဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက်
မြေကွက်တွေ ကို အကွက်ရိုက်ဈေးပေါပေါ နဲ့ နေရာချထားပေးလိုက်ရုံသက်သက်နဲ့ ဖြေရှင်းခဲ့ တာကြောင့်မြေဖိုး ငွေနှစ်ကျပ်သာ သွင်းခိုင်းခဲ့ လို့ နှစ်ကျပ်ကွက်ဆိုပြီး စကားလုံး အသစ်အဆန်း တစ်ခု အိမ်ခြံမြေဈေးကွက်မှာ ပေါ်လာပါတော့တယ်။
မြို့ကွက်တွေကိုသာ ဖော်ထုတ်ခဲ့ပေမယ့် မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်စေမယ့် အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ထည့်သွင်းတည်ဆောက်မှု မရှိဘဲ အကွက်ရိုက်ပြီး နေရာချထားပေးခဲ့ရုံသက်သက်သာ လုပ်ခဲ့တာကြောင့်လည်း နေတဲ့သူတွေ ဒုက္ခရောက်ကြသလို အခု ရန်ကုန်မှာဖြစ်နေတဲ့ အထွေထွေ အကျပ်အတည်း ပြသနာတွေကလည်း ၁၉၅၈ - ၁၉၆၀ ကတည်းက တစ်ဖြည်းဖြည်းစတင်လာခဲ့တဲ့ နာတာရှည်ရောဂါတစ်ခု လို ဖြစ်လာတာပါ ။
မြို့သစ်တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ လမ်းတွေ ၊ တံတားတွေ ၊ ရေနုတ်မြောင်းစနစ်တွေ ၊ အပန်းဖြေစရာ ပန်းခြံ ၊ ဆေးရုံ တွေ အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တွေကိုပါ
အရင်ဆုံးထည်သွင်းတည်ဆောက်ပြီးနေမယ့်သူတွေကို နေရာချပေးနိုင်မှသာ အောင်မြင်တဲ့ မြို့သစ်တွေ ဖြစ်လာ မှာဖြစ်ပြီး မြို့တွင်းက ကျပ်တည်းနေတဲ့ လူဦီးရေ သိပ်သည်းမှု ၊ မော်တော်ယာဉ် ကြော ပိတ်ဆို့မှု တွေ ၊ စီးပွားရေး အဆောာက်အအုံတွေ ပြွတ်သိပ်နေ မှု တွေကို မြို့ပြင် ဒေသတွေဆီကို ဖြန့်ထုတ်နိုင်မှလည်း အောင်မြင်တဲ့ မြို့သစ်တွေဖြစ်လာမှာဖြစ်ပါတယ်။ မြို့သစ်တွေတည်ဖို့ အတွက် အသုံးပြုလိုက်ရတဲ့ အဖိုးတန်လယ်မြေတွေ ရဲ့ ကုန်ထုတ်လုပ်မှု ကို ရည်ရွယ်ချက်ကောင်းတွေနဲ့ ကာမိစေမှာဖြစ်ပါတယ်။
နှစ်ပေါင်း ငါးဆယ်ကျော်လာပြီ ဖြစ်တဲ့ ယနေ့ အချိန်ထိတောင် ဒီမြို့သစ်တွေမှာ မိုးရွာရင် ရေတက်တဲ့ နေရာတွေ ရှိနေဆဲ ဖြစ်သလို အခုချိန်ထိ သောက်သုံးရေ ၊ သုံးရေ အပြည့်အ၀မပေးနိုင်သေးလို့ ကိုယ်ပိုင်အဝီစိတွင်းတူ ပြီး ဖြေရှင်းနေရဆဲ ဖြစ်တဲ့ နေရာ အများအပြား ကျန်လို့နေပါသေးတယ်။အခုအချိန်ထိ အဲဒိမြို့သစ်တွေရဲ့ သက်တမ်းက ရွှေရတု ကျော်ခဲ့ပေမယ့် မြို့ တစ်ခု အဖြစ် သတ်မှတ်ဖို့ထက် ဖွံ့ဖြိုးစ မြို့တစ်မြို့လို့သာ ခေါ်လို့ ရတဲ့ အဆင့်ဘဲရရှိပါသေးတယ်။ လူအရင်နေရာ ချပြီး နောက်မှ အခြေခံ အဆောက်အအုံကို လိုက်လုပ်ပေးမယ်ဆိုတဲ့ အတွေးအခေါ်အယူအဆ အမှား ကြောင့်လို့ မြို့ပြစီမံကိန်းပညာရှင် အချို့က သုံးသပ်ကြသလို ခေတ်စနစ်အခြေအနေ အရ နိုင်ငံရဲ့ဘတ်ဂျတ် အခြေအနေအရ မလုပ်မဖြစ် လို့ လုပ်လိုက်ရတယ်လို့လည်း သုံးသပ်သူတွေ အများအပြားရှိပါတယ်။
၁၉၆၀ ခုနှစ်ကနေ နှစ်ပေါင်း ၃၀ အကြာ ၁၉၉၀ ခုနှစ်မှာ ဒဂုံမြို့သစ်မြို့နယ် ၊ လှိုင်သာယာ ၊ ရွှေပြည်သာဆိုတဲ့ မြို့သစ်တွေကို ထပ်မံထူထောင်ခဲ့ပြီး ပထမ မြို့သစ်တွေက အမှားအယွင်းအတိုင်း ဒုတိယ အကြိမ် နည်းလမ်းဟာင်း အတိုင်းဘဲ လူအရင်ချ အခြေခံ အဆောက်အအုံ နောက်မှ လိုက်လုပ်ဆိုပြီ ထပ်မှားခဲ့ပါတယ်။ အခုချိန်ထိ အဲဒိမြို့နယ်သစ်တွေမှာလည်း အခြေခံ အဆောက်အအုံ တွေ က ပြည့်စုံမှု မရှိတာကြောင့် နေတဲ့လူတွေ သွားလာဖို့ ခက်ခဲတဲ့ အတွက် မြို့သစ်သက်တမ်း ငွေရတု ကျော်လာပေမယ့် အခုချိန်ထိ မြေကွက်လပ်တွေ အများအပြားကျန်နေပြီး မြေကွက်သာရယူထားပြီး လူမနေတာကြောင့်လည်း ၂၀၁၀ နောက်ပိုင်းမှာ မြေကွက်ဝယ်ရောင်းတွေရဲ့
လေ့ကျင့်ရေး ကွင်းတစ်ခုလို ဖြစ်လာပါတယ်။
လူနေဖို့ အဆင်မပြေတဲ့ ကွက်သစ်တွေကြောင့် မြို့သစ်တွေ မအောာင်မြင်ဘဲ မြေကွက်လပ်တွေ အများအပြားတွေ့မြင်နေရဆဲ ဖြစ်တာကြောင့် မြို့သစ်တွေ
ဖော်ပြီး ပြည်သူတွေကို နေရာချထားပေးဖို့ ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အဖိုးတန်တဲ့ လယ်မြေတွေကို သိမ်းပြီးအကောင်အထည် ဖော်ခဲ့ရပေမယ့် အမှန်တကယ်လူနေထိုင်ဖို့ ခက်ခဲတဲ့ အတွက် အခုလို မြေကွက်လပ်တွေ ကျန်နေတာကလည်း တိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအားကို အနည်းနဲ့ အများဆိုသလို ပြုန်းတီးမှု တွေဖြစ်ပေါ်စေပါတယ်။
မြို့သစ်တွေ အပြင် စက်မှုဇုန်ပေါင်း ၂၈ ဇုန်ကို ထူထောင်ခဲ့ကြပေမယ့်လည်း စက်မှုဇုန်တွေကလည်း မြို့သစ်တွေထူးမခြားနား ဇာတ်လမ်းကျောရိုး အတိုင်းဘဲ အခြေခံ အဆောက်အအုံတွေ ဘာမှ မရှိဘဲ လယ်ကွက်ကို ဘူဒိုဇာနဲ့ထိုးမြေညှိ လမ်းကြမ်းဖော် အကွက်ရိုက်ပြီး ရောင်း ခဲ့တဲ့ဇုန်က ခပ်များများဆိုတော့ မိုးတွင်းမှာ မြို့သစ်တွေ စက်မှုဇုန်တွေမှာလည်း ရေလျှံရေကြီးမှု တွေ ပုံမှန်ဖြစ်နေပြီး ရေဝပ်နေတဲ့ အကွက်တွေ လက်ညှိးထိုးမလွဲအောင်တွေ့ရမှာဖြစ်ပါတယ်။
ကိုလိုနီခေတ်က အရှေ့တောင်အာရှမှာ အသန့်ရှင်းဆုံး ဆိုတဲ့ မြို့တော်တစ်ခု ဖြစ်ခဲ့ပြီး မြို့ကွက်တွေကို လည်း စနစ်တကျ နဲ့ ရေ ၊ လျှပ်စစ်မီး ကအစ၊ရေဆိုးထုတ်စနစ်တွေ အပြင် မိလ္လာစနစ်တွေ အဆုံး အစီအစဉ်တကျ နဲ့ တည်ဆောက်ခဲ့တာကြောင့် အခု အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့ စင်ကာပူကို ထူထောင်ခဲ့သူ မစ္စတာ လီကွမ်ယုကိုယ်တိုင် ရန်ကုန်ကိုလာပြီး မြို့ပြစီမံကိန်း တည်ဆောက်မှု ပုံစံကို အတုယူခဲ့ရတယ်လို့ စာအုပ်စာတမ်းတွေ မှာ ဖော်ပြခံရတဲ့ အထိ ရန်ကုန်ရဲ့ မြို့ကွက် တည်ဆောက်ခဲ့တဲ့စနစ်ကနာမည်ကြီးပါတယ်။
စနစ်တကျ တည်ဆောက်ခဲ့ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးကိုယ်တိုင်တောင်အခုဆိုရင် ခေတ်အဆက်ဆက် ဆောက်ချင်သလို ဆောက်ခဲ့ကြတယ့် အထပ်မြင့် အဆောက်အအုံတွေ ၊ အာဏာပိုင်အချို့ရဲ့ မှားယွင်းတဲ့ မြေယာဆိုင်ရာမူဝါဒ တစ်ချို့ကြောင့် စနစ်တကျ တွက်ချက်ပြီး ချန်ထားခဲ့တဲ့ရန်ကုန်ုမြို့လယ်က စိမ်းလန်းစိုပြည်တဲ့ နေရာတွေ တစ်ဖြည်းဖြည်း လျော့နည်းလို့လာပါတယ်။
များပြားလှတဲ့ ဘတ်စ်ကားလိုင်းတွေ ၊ ကိုယ်ပိုင်ယာဉ်တွေ နဲ့ ပြည့်လျှံနေတဲ့မဟာရန်ကုန်မြို့ လယ်မှာတောင် အခုဆောက်နေတဲ့ အထပ်မြင့် အဆောက်အအုံ တွေ ပြီးစီးသွားလို့ လူတွေ နေထိုင်ခဲ့ကြရင် အဲဒိအဆောက်အအုံက ထွတ်လာမယ့် ကား အစီးပေါင်းရာပေါင်းများစွာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ထပ်ပြီးပိုဆိုးလာမှာကို မြင်ယောင်မိပါတယ်။အခြားသော အမှိုက်ထွတ်ရှိလာမှု တွေ ၊ရေသုံးစွဲမှုတွေ ၊ ရေဆိုးစွန့်ပစ်မှု ပမာဏ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ပမာဏကလည်း မသေးပါဘူး ။လူသုံးသောင်း အတွက် ဒီဇိုင်းတွက်ချက်ထုတ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ အခုဆို လူသုံးသိန်းကျော် အနည်းဆုံးနေနေတဲ့ အတွက် လမ်းတွေ ၊ရေမြောင်းတွေ ရေပေးဝေရေးစနစ်တွေ ကအစ ပြန်ပြင်ဖို့လိုလာလို့ အခုဆို မြို့လယ်ခေါင်က လမ်းတွေ ချဲ့ ၊ရေမြောင်းတွေဖော် ၊ ဓာတ်တိုင်တွေ ပြန်ရွေ့နဲ့ နောက်က လိုက်လုပ်နေရပေမယ့် အခုချိန်ထိ အဆင်မပြေသေးတာ ရန်ကုန်မှာနေသူတွေ အားလုံး အသိဘဲဖြစ်ပါတယ်။
နေရာ အတည်တကျ သတ်သတ်မှတ်မှတ် နဲ့ လုပ်ဖို့ အတွက်ကျတော့လည်း ဇုန်သတ်မှတ်ချက် မထွတ်နိုင်သေးတာက အဓိက ပြသနာဖြစ်နေတဲ့ အပြင် သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွား လွန်ဆွဲနေတာကလည်း ရန်ကုန်မြို့ကြီးရဲ့ သာယာလှပမှု တွေ ၊ အဝေးမြင်ကွင်းတွေ ကို ပျောက်ကွယ်လာစေပြီး ဒဏ်ရာသစ်တွေကိုသာ တိုးရလာစေပါတယ်။ ရန်ကုန်မြို့ကြီးရဲ့ အရှေ့အနောက် တောင်မြောက်မှာ နောက်ထပ် မြို့သစ်စီမံကိန်း ၇ ခုကို လယ်မြေဧက တစ်သိန်းနှစ်သောင်း ကျော် မှာ လုပ်ဖို့ စီစဉ်ထားပေမယ့်လည်း ရှေ့လူရဲ့ အစီအစဉ်ကို နောက်အသစ်တက်လာတဲ့ လူတွေ ကလိုက်လုပ်ဖို့ ခဲယဉ်းတဲ့ မြန်မာလူ့ဘောင် အသိုင်းအဝိုင်း ကြောင့်လည်း မြို့သစ်စီမံကိန်းတွေ အစီအစဉ်တစ်ကျ တကယ်ဖြစ်လာမဖြစ်လာ။
၁၉၆၀ နဲ့ ၁၉၉၀ က မြို့သစ်တွေ ဖော်ခဲ့တဲ့နည်းလမ်း အတိုင်း အမှားတွေကို ဆက်ပြီး ကျုးလွန်အုံးမလား ၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ အစီအစဉ်ကျကျနန နဲ့ ၁၉၆၀ မတိုင်ခင် က အာရှကလူတွေ အားကျခဲ့ရတဲ့ ရန်ကုန်မြို့ဟောင်းကြီးလို ရန်ကုန်မြို့တော်သစ်တွေကို အကောင်အထည်ဖော်နိုင်မဖော်နိုင်ကတော့ အစိုးရသစ်ရဲ့မူဝါဒ ၊ ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ ခိုင်မာတဲ့ ကတိကဝတ် တွေ အပြင် အိမ်ရာလိုအပ်တဲ့ ပြည်သူတွေ အတွက်လည်း သင့်တင့်မျှတတဲ့ အိမ်ရာစီမံကိန်းတွေ မြို့သစ်ထဲမှာ ပါမပါ ကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နာတာရှည်ဒဏ်ရာ ဟောင်းတွေကို စနစ်ကျတဲ့ မြို့ပြစီမံကိန်းနည်းစနစ်တွေ နိုင်ငံတကာ အတွေ့အကြုံတွေ နဲ့ ပညာရှင်တွေနဲ့ သာ ခေတ်သစ် ရန်ကုန်မြို့သစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com