လွန်ခဲ့သည့် ၂ နှစ်တာအတွင်း အိမ်ခြံမြေအရောင်းအ၀ယ်နှင့် ဈေးနှုန်းများ အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့သည်အထိ ဈေးကွက်ကောင်းမွန်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက် သိသိသာသာ လျော့ကျခဲ့ပြီး၊ ယမန်နှစ်များနှင့် နှိုင်းယှဉ်ပါက ဈေးကွက်အငြိမ်သက်ဆုံးနှစ်လည်း ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်ထက် အငှားဈေးကွက် ပိုမိုဖြစ်ထွန်းခဲ့ပြီး၊ ရန်ကုန်အိမ်ခြံမြေ အငှားလုပ်ငန်းများ ၆၀ ရာခိုင်နှုန်းထိ ဖြစ်ခဲ့ကာ အရောင်းအ၀ယ်ဈေးကွက်မှာမူ ၄၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
"၂၀၁၅ ထဲမှာတော့ အရောင်းအ၀ယ်ထက်စာရင် အငှားဈေးကွက်က ပိုများတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် ဈေးကွက်ထဲမှာ အရောင်းအငှားဖြစ်တဲ့ပမာဏက အငှားက ၆၀ ရာခိုင်နှုန်းလောက်ရှိပြီး အရောင်းက ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် အငှားလုပ်ငန်းက ပိုများတယ်လို့ သတ်မှတ်လို့
ရပါတယ်။ ၂၀၁၅ မှာ အားလုံးက အရောင်းအ၀ယ်ကို စောင့်ကြည့်နေတဲ့ အနေအထားတွေရှိတယ်။ တကယ် မဖြစ်မနေ၀ယ်မယ့်ရောင်းမယ့် သူတွေလောက်ပဲ အရောင်းအ၀ယ် လုပ်ကြတယ်။ အငှားဈေးကွက်ကတော့ အရင်နှစ်တွေလိုပဲ ပုံမှန်ပဲသွားနေပါတယ်" ဟု စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးဟိန်းဇံက ပြောသည်။
အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၁၅ ခုနှစ် အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်
ဟုလည်း ၎င်းကပြောသည်။
"၂၀၁၅ မှာ အိမ်ခြံမြေဈေးနှုန်းတွေက အရမ်းအတက်အကျတော့ မကြမ်းပေမယ့် အရင်အမြင့်ဆုံးဖြစ်ထားတဲ့ ဈေးထက်ကို ၂၀ ရာခိုင်နှုန်းလောက်တော့ ကျသွားတယ်။ ဥပမာ - ဝေဇယန္တာလမ်းမလို နေရာမျိုးတွေမှာ အမြင့်ဆုံးဈေး ဖြစ်သွားတုန်းက ပေ ၄၀ × ၆၀ တစ်ကွက်ကို ကျပ်သိန်းပေါင်း ၂ သောင်း ၀န်းကျင်လောက် ဖြစ်သွားတယ်။
ဒါပေမယ့် ၂၀၁၅ ထဲမှာကျတော့ နည်းနည်းလေးလျော့ပြီးတော့ သိန်း ၁ သောင်းခွဲ၊ ၁ သောင်း ၆ ထောင် အဲဒီလောက်ပဲ အရောင်းအ၀ယ်တွေ သွားဖြစ်တော့တယ်" ဟု ဦးဟိန်းဇံက ပြောသည်။ ၂၀၁၅ ခုနှစ်တွင် အိမ်ခြံမြေ အငှားဈေးကွက် ပုံမှန်အနေအထားတွင် ရှိနေသော်လည်း အငှားဈေးနှုန်းအနေအထားမှာ နှစ်စဉ်နှစ်တိုင်း မြင့်တက်သည့် အစဉ်အလာအတိုင်း ယခုနှစ်တွင်လည်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်ထိ မြင့်တက်လာခဲ့သည်။
"အငှားဈေးနှုန်းက အကျသိပ်မရှိဘူး။ ပုံမှန်အတိုင်းဆို အငှားဈေးနှုန်းက စီးပွားရေးလုပ်ကွက်ကောင်းတဲ့ နေရာမျိုးဆို တစ်နှစ် တစ်နှစ်ကို ၅ ရာခိုင်နှုန်းလောက်ကနေ ၁၀ ရာခိုင်နှုန်းလောက်ထိကို တက်နေကျဆိုတော့ ဒီနှစ်ကလည်း အငှားဈေးကွက်က အရောင်းထက် ပိုကောင်းသလို ဈေးနှုန်းက လျော့သွားတယ်ဆိုတာက တက်နေတာပဲ ရှိတယ်" ဟု
ဦးဟိန်းဇံက ပြောသည်။ အိမ်ခြံမြေ အငှားဈေးနှုန်းများသည် အရောင်းအ၀ယ် ဈေးနှုန်းများကဲ့သို့ တစ်ရှိန်ထိုး အတက်အကျမဖြစ်ပေါ်ဘဲ ပုံမှန်အနေအထားဖြင့် လူနေအခန်းနှင့်
ရုံးခန်းအငှားများမှာ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းခန့် ပျမ်းမျှ မြင့်တက်နေသည်ဟုလည်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
၂၀၁၅ ခုနှစ်၏ အိမ်ခြဲမြေဈေးကွက်သည် အိမ်ခြံမြေ ငှားရမ်းမှုနှုန်း ကောင်းမွန်သည့်အတွက် ငှားရမ်းမှုနှုန်းများထဲတွင် ရုံးခန်း၊ ဆိုင်ခန်း၊ စားသောက်ဆိုင်နှင့် ဘားဆိုင်များ ဖွင့်လှစ်ရန်အတွက် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်း ငှားရမ်းမှုနှုန်းမှာ ယခုနှစ်တွင် မြင့်လာခဲ့သည်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်၍ အိမ်ခြံမြေဈေးကွက် အေးလာခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲအခြေအနေများကြောင့်လည်း ဈေးကွက်ငြိမ်သက်မှုကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ နှစ်ကုန်သည့် ဒီဇင်ဘာ နောက်ဆုံးပတ်ထိပင် ရင်းနှီးမြှုပ်နှံသူများမှာ အရောင်းအ၀ယ်လုပ်ငန်းများအတွက် စောင့်ကြည့်ဆဲ အနေအထားဖြင့်သာ ပြီးဆုံးခဲ့ပြီး အစိုးရ အပြောင်းအလဲကာလတွင် အိမ်ခြံမြေများအပေါ် (မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း) ၀ယ်ယူ ရင်းနှီးမြှုပ်နှံမှုမှာ ယခင်ကထက် လျော့နည်းလာကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
"အရင်က အရောင်းအ၀ယ်လုပ်နေတာတွေက ၀ယ်ပြီးရင် ပြန်ရောင်းတဲ့အခါ အချိန်သိပ်စောင့်ဆိုင်းစရာမလိုပဲ ကိုယ်လိုချင်တဲ့ဈေးသတ်မှတ်ချက်အတိုင်း အကျိုးအမြတ်တစ်ခု ပြန်ရတယ်။ ဒါပေမယ့် အခုက ရောင်းချင်တဲ့သူတွေကတော့ များပါတယ်၊ ၀ယ်မယ့်သူတွေကလည်း ဒီနှစ်က အပြောင်းအလဲတွေ ဖြစ်လာနိုင်မှာများတော့ စောင့်ကြည့်ကြတယ်။ ပြီးတော့ အရင်လို အရောင်းအ၀ယ်မသွက်ဘူး စောင့်ရတယ်။ အဲဒီတော့ လူတွေက ငွေပြန်မဖော်နိုင်မှာကို စိုးရိမ်ပြီး အရင်းအနှီးများတဲ့ ဒီအိမ်ခြံမြေကို ၀ယ်ဖို့က အရင်ကထက် တုံ့ဆိုင်းလာတာကြောင့် ဒီနှစ်ဈေးကွက်က အေးသွားတာပါ" အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
၂၀၁၅ ခုနှစ်တွင် အစိုးရ၏ စီမံကိန်းအသစ်များ အကောင်အထည်ဖော်ရန် ပေါ်ပေါက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များကဲ့သို့ စီမံကိန်းနေရာများရှိ အိမ်ခြံမြေအရောင်းအ၀ယ်များမှာ လှုပ်ခတ်မှုမရှိခဲ့ပေ။ လက်ရှိ နှစ်ကုန်ပိုင်း ဈေးကွက်အခြေအနေသည် သိန်းရာချီတန်သည့် ခြံ၊
မြေကွက်များနှင့် သိန်းသောင်းချီသည့် အကွက်ကြီးများ၏ အရောင်းအ၀ယ်များမှာ အနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း ဈေးကွက်အတွင်းတွင် လက်ချိုးရေတွက်နိုင်သည့် အနေအထားလောက်သာ ဖြစ်ခဲ့သည်။
လာမည့် ၂၀၁၆ ခုနှစ်တွင်မူ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ ပြန်လည် ဦးမော့လာနိုင်မည်ဖြစ်သည့်အပြင် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ပြန်လည်ဝင်ရောက်လာနိုင်မည် ဖြစ်သည့်အတွက် အရောင်းအ၀ယ်များမှာ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး
ဒေါ်မို့မို့အောင်က ပြောသည်။
"၂၀၁၆ အိမ်ခြံမြေကတော့ ပြန်ကောင်းလာမယ့် အနေအထားရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ အားလုံး အပြောင်းအလဲ ဖြစ်ပြီးသွားတဲ့အချိန် နောက်ပိုင်းမှာ ပိုဝင်လာမယ်။ အဲဒီနောက်ပိုင်းဆို အခုကျနေတဲ့ ဈေးကွက်က ရာနှုန်းပြည့် ပြန်ကောင်းလာမယ့်အခြေအနေမှာ ရှိပါတယ်။
ဒါပေမယ့်ဈေးနှုန်းတွေကတော့ အရင်းတုန်းကလို အဆမတန်တက်တာတွေတော့ မရှိလောက်တော့ဘူး၊ ဈေးကွက်ကတော့ ပြန်ကောင်းလာမယ့် သဘောမှာရှိပါတယ်။ ၂၀၁၆ ကတော့ သေချာပေါက် အိမ်ခြံမြေ ပြန်ကောင်းလာမှာပါ" ဟု ၎င်းက ပြောသည်။
Credit : Myanmar Times