၂၀၁၆ ခုနှစ်မှစ၍ ကျိုက်ထီးရိုးစေတီ၌ အကောင်အထည်ဖော်မည့် ဟိုတယ်ဇုန်အတွက် လျှပ်စစ်မီး ရရှိရေးနှင့်လမ်းပြုပြင်ခြင်းကို ကနဦး စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Myanmar Hotel Association မှ သိရသည်။
ကျိုက်ထီးရိုးစေတီ၌ စတင်ဆောက်လုပ်မည့် ဟိုတယ်ဇုန်အတွက် ကနဦး မြေဧက ၁၀၀ သတ်မှတ်ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။
"ကျိုက်ထီးရိုး စေတီမှာ ဆောက်လုပ်မယ့် ဟိုတယ်ဇုန်အတွက် လောလောဆယ် မြေဧက ၁၀၀ သတ်မှတ်ထားပါတယ်။ MIC ကလည်း ခွင့်ပြုမိန့် ရထားပြီးပါပြီ။
လာမယ့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ မီးရရှိဖို့နဲ့ လမ်းပြုပြင်ခြင်းကို ပြန်ပြီးလုပ်ဆောင်သွားမှာပါ။ ဒီနှစ်ထဲမှာလည်း လုပ်ဆောင်ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ မိုးတွင်းတုန်းက ခဏရပ်ဆိုင်းထားတာပါ။ ဒီနှစ်ကုန်တာနဲ့ ပြန်လည် လုပ်ဆောင်သွားမှာပါ။
ဒီဟိုတယ်ဇုန် အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ လုပ်ဆောင်သွားမှာပါ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မပါပါဘူး "ဟု Myanmar Hotel Association မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းရွှေက ပြောကြားသည်။
ထို့ပြင် မော်လမြိုင်ဒေသ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် ကျိုက်ထီးရိုး ခရီးစဉ်အပြင် ခရီးစဉ် အသစ်များကိုလည်း ထပ်မံ ဖော်ဆောင်သွားရန်ရှိပြီး ဟိုတယ်ဇုန်အနေဖြင့်လည်း ကျိုက်ထီးရိုးအပြင် တံတားဦး၌လည်း ဟိုတယ်ဇုန် စီမံကိန်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နှစ်စဉ် မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက်မှု ပိုမိုများပြား လာသောကြောင့် ခရီးသွား ဧည့်သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဇုန်တစ်ခု ဆောက်လုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်ဇုန် စီမံကိန်းတွင် စားသောက်ဆိုင်များ၊ ကားပါကင်များနှင့် အထပ်မြင့် ရှော့ပင်းမောများ ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဟိုတယ် ဇုန် ၁၉ ခုရှိပြီး၊ ပြီးခဲ့သည့်နှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၌ ဟိုတယ်ဇုန်တစ်ခု တည်ထောင်ခဲ့ပြီး အပန်းဖြေ ကမ်းခြေဖြစ်သည့် ချောင်းသာကမ်းခြေ၌လည်း ဟိုတယ်ဇုန် တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်ကို ခရီးသွား ဒေသတစ်ခုအဖြစ် ဖော်ဆောင်သွားရန်ရှိပြီး အတ္တရံမြစ်နှင့် အတ္ထရံတောင်ကြားတွင် ရှိသော ရေပူကော့သပ် ကျေးရွာတွင် ရေပူစမ်း ၃၃ ခု ရှိသောကြောင့် ရေပူစမ်း အပန်းဖြေစခန်း အဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Credit: Eleven News