ရန်ကုန်မြို့ ဆင်ခြေဖုန်းမြို့စွန်များတွင် မြေကွက်တန်ဖိုးများ ဆက်တိုက် ကျဆင်းလာခဲ့သောကြောင့် ယခင်က ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက်ဖြင့် ၀ယ်ယူထားခဲ့သူများ အခက်ကြုံနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
“အရင်က ရည်ရွယ်ချက်ရှိရှိနဲ့ ရန်ကုန်မြို့ အစွန်အဖျားက မြို့နယ်တွေမှာ မြေကွက်ဝယ်ယူထားတဲ့ သူတွေအနေနဲ့ မြေဈေးတွေ ထက်ဝက်လောက် ကျသွားတော့ အခက်အခဲတွေ ဖြစ်လာကြတယ်။ နောက်ပြီးတော့ ဈေးတွေပြန်တက်ဖို့လည်း အရိပ်အရောင်တောင် မမြင်ရဘူး။ အဲဒီအတွက်ကြောင့် မြေကွက်တစ်ကွက်ထဲ မဟုတ်ဘဲနဲ့ အများကြီး ၀ယ်ထားတဲ့သူတွေ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်”ဟု သာကေတမြို့နယ်တွင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူ ကိုဖိုးဖြူက ပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြီးဆုံးချိန်နောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက် ကျဆင်းခဲ့ပြီး အစိုးရသစ် အပြောင်းအလဲကို စောင့်ကြည့်ကာ စီးပွားရေးလုပ်ငန်းများလည်း ဆိုင်းငံ့နေချိန် ဖြစ်သောကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ ပြန်လည်မြင့်တက်မည့် အခြေအနေ မရှိခြင်းလည်း ဖြစ်သည်ဟုသိရသည်။ ယင်းအပြင် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်အသစ် ဖြစ်လာမည့် ရန်ကုန်စတော့အိတ်ချိန်း စတင်တော့မည်ဖြစ်ရာ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ခြေများ လျော့နည်းလာနိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။
“လာမယ့် အစိုးရသစ် လက်ထက်မှ နိုင်ငံရဲ့ အခြေအနေက ဘယ်လိုပြောင်းလဲလာမယ်မှန်း မသိသေးဘူး။ အခြေအနေကတော့ အိမ်ခြံမြေဈေးတွေလည်း ပြန်တက်လာမယ့် ပုံစံလည်းမရှိဘူး။ တန်ဖိုးနည်း အိမ်ရာတွေကလည်း ဆက်တိုက် ပေါ်ထွက်လာနေတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာအတိုင်း အရစ်ကျတွေ ပေါ်လာရင် ပိုပြီးတော့တောင် ဈေးကျဦးမယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက သုံးသပ်သည်။
ထို့အပြင် မြို့အစွန်ပိုင်း မြို့နယ်များတွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာခဲ့သည် သာမက အချို့သော မြို့နယ်များတွင်လည်း အိမ်အရောင်း ဈေးနှုန်းများ သာမက အိမ်အငှား ဈေးနှုန်းများလည်း ကျဆင်းလာသည်ဟု ဆိုသော်လည်း လူစည်ကားရာ နေရာများနှင့် အိမ်ရာအသစ်များ တည်ရှိရာ နေရာများတွင်မူ အိမ်ငှားရမ်းခ ဈေးနှုန်းများ မြင့်မားလျှက်ရှိသေးကြောင်း သိရသည်။
Credit: Tomorrow News