ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမယ့် ၂၀၂၀ ခုနှစ် အိုလံပစ်အားကစားပွဲတော်ကို ကျင်းပရာ အားကစားရုံအတွက် ဒီဇိုင်းအသစ်ရွေးချယ်လိုက်ပါပြီ။ ဗြိတိန်-အီရတ် ဗိသုကာပညာရှင် ဇဟာ ဟဒစ်ရဲ့ လိပ်လိုလို အမျိုးသမီးအင်္ဂါလိုလို အလားသဏ္ဍာန်တူနေတဲ့ ဒီဇိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်က ပယ်ချခဲ့ပြီးနောက် ဒီဇိုင်းသစ်ထွက်လာတာပဲ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ခန့်မှန်းချက်တွေက အရင်ခန့်မှန်းချက်ထက် နှစ်ဆနီးပါး ပိုများသွားလို့ ယခင်ဒီဇိုင်းကို ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ၀န်ကြီးအဖွဲ့ဟာ ဂျပန်ဗိသုကာပညာရှင် ကင်ဂိုကူမာဦးဆောင်တဲ့ အဖွဲ့ရဲ့ ယင်းဒီဇိုင်းကို ဒီဇင်ဘာ ၂၂ ရက်က အတည်ပြုရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ယင်းဒီဇိုင်းကို ဟမ့်ဘာဂါလို့ အဆိုပါအဖွဲ့က အမည်ပေးထားပါတယ်။
ပွဲကြည့်စင် သုံးထပ်ပါပြီး ထိုင်ခုံ ၈၀၀၀၀ ပါဝင်တဲ့ ယင်းအားကစားရုံကို တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ( ယန်း ၁၄၉ ဘီလျံ) ကုန်ကျစရိတ် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၉ နိုဝင်ဘာမှာ တည်ဆောက်မှု ပြီးစီးမှာပါ။
ဟဒစ်ရဲ့ ဒီဇိုင်းက ယန်း ၂၅၂ ဘီလျံ ကုန်ကျမယ်လို့ အဆုံးသတ်တွက်ချက်ပြီးတဲ့နောက်မှာတော့ ဂျပန်အစိုးရက ယင်းအားကစားရုံအတွက် ကုန်ကျစရိတ်ကို ၁၅၅ ဘီလျံ ယန်း မကျော်ရလို့ သတ်မှတ်ခဲ့ပါတယ်။
ဒီဟမ်ဘာဂါဒီဇိုင်းက ခေါင်မိုးပိုင်းကိုလည်း သစ်သားနဲ့လုပ်ပြီး ဂျပန်ရိုးရာဒီဇိုင်းကို ထင်ဟပ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
မည်သို့ဆိုစေ ယခုဒီဇိုင်းကတော့ အစိုးရရဲ့ ဆောက်လုပ်မှုကုန်ကျစရိတ် သတ်မှတ်ချက်နဲ့ တည်ဆောက်မှုကြာချိန်တို့ရဲ့ သတ်မှတ်ချက်ဘောင်တွေထဲ ၀င်လို့နေတာ အသေအချာပါပဲ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)