ကမ္ဘာတစ်ဝန်း ဆောက်လုပ်တဲ့အဆောက်အအုံအရေအတွက်ဟာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ၈၅ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ထရီလီယံ ရှိမယ်လို့ ခန့်မှန်းရကြောင်း Global Construction 2030 အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယ သုံးနိုင်ငံနဲ့တင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုရဲ့ ၅၇ ရာခိုင်နှုန်း ရှိမှာဖြစ်ပြီး အင်ဒိုနီးရှားမှာလည်း သိသိသာသာတိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက စီးပွားရေးမတည်ငြိမ်မှုကနေ ပြန်လည်နာလန်ထူလာနေတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကပဲ ဒီကမ္ဘာလုံးဆိုင်ရာ ဆောက်လုပ်ရေးဖွံ့ဖြိုးမှုကို ဦးဆောင်လိမ့်မယ်လို့ သိရပါတယ်။
ဖွံ့ဖြိုးစနိုင်ငံတွေကလည်း ယင်းကမ္ဘာလုံးဆိုင်ရာဆောက်လုပ်မှုတစ်ဟုန်ထိုး မြင့်တက်မှုမှာ အဓိကအခန်းကဏ္ဍကနေပါဝင်မယ်လို့လည်း ယင်းအစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
“ကမ္ဘာ့ဆောက်လုပ်ရေးဈေးကွက်မှာ တရုတ်ရဲ့ဝေစုဟာ ပွတ်ကာသီကာဆိုသလို အနည်းအကျဉ်းလေးပဲ မြင့်တက်မှာပါ။ ဘာလို့ဆို ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေးဈေးကွက်ဖြစ်တဲ့ တရုတ်ရဲ့ဆောက်လုပ်ရေးဈေးကွက်ဟာ ၂၀၃၀ ပြည့်နှစ်ထိကို ဖွံ့ဖြိုးမှုနှေးကွေးနေမယ်လို့ ခန့်မှန်းရပါတယ်။
အမေရိကန်ဆောက်လုပ်ရေးကျတော့ နောက် ၁၅ နှစ်အတွင်းမှာ တရုတ်ထက် ပိုလို့လျင်လျင်မြန်မြန်ဖွံ့ဖြိုးပါလိမ့်မယ်။ တစ်နှစ်ထက်တစ်နှစ် ၅ ရာခိုင်နှုန်းလောက် တိုးလို့ပေါ့။ အဲ့အတောအတွင်းမှာပဲ အိန္ဒိယမှာ ဆောက်လုပ်မှုနှုန်းတွေ တစ်ဟုန်ထိုး မြင့်တက်တာကို တွေ့ရမှာပါ။ ဘယ်လောက်တောင်လဲဆို ဂျပန်ကိုကျော်တက်လို့ ၂၀၂၀ ခုနှစ်မတိုင်ခင်မှာ ကမ္ဘာ့အကြီးဆုံးဆောက်လုပ်ရေးဈေးကွက် ဖြစ်လာမှာပါ” လို့ Global Construction Perspectives မှ Executive Director ဂရေဟမ်ရော်ဘင်ဆန်က အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အဆိုအစီရင်ခံမှာဖော်ပြချက်အရဆိုရင်တော့ အိန္ဒိယဟာ ၂၀၃၀ ပြည့်နှစ်မတိုင်မီအထိ တရုတ်ထက် နှစ်ဆနီးပါးကို ဆောက်လုပ်မှုနှုန်းဖွံ့ဖြိုးမယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)