ဒီဇင်ဘာ ၁၅ ရက်က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ ဂုဏ်သတင်းကြီးမားတဲ့ Urban Taskforce Australia အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုရေးရာအဖွဲ့အစည်းရဲ့ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ဂုဏ်ပြုပွဲအခမ်းအနားမှာ ၂၀၁၅ ခုနှစ်ရဲ့ Property Person (2015 Property Person of the Year) ဆုကို သြစတြေးလျအခြေစိုက် နာမည်ကျော် Crown Group ရဲ့ စီအီးအို Iwan Sunito (ပုံပါ) က ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။
အိမ်ခြံမြေလုပ်ငန်းလောကမှ တာဝန်ရှိသူ ၃၅၀ ကျော်၊ ယခင်ဆုရှင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ ယင်းအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ယခုနှစ် ဆုရရှိသူ Sunito ဟာ အသက် ၄၉ နှစ်အရွယ်မှာ ယင်းဆုကို ဆွတ်ခူးတဲ့ အငယ်ဆုံးဆုရှင်ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ မွေးဖွားခဲ့ပြီး နယူးဆောက်သ်ဝေးလ်တက္ကသိုလ်မှာ ဗိသုကာပညာရပ်ကို လေ့လာရန် သြစတြေးလျကို မပြောင်းရွှေ့ခင် ငယ်ဘ၀ကို ယင်းအင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ ဖြတ်သန်းခဲ့ပါတယ်။
သူက စီးပွားရေးပါတနာ Paul Sathio နဲ့ ပူးတွဲလို့ Crown Group ကို ၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ သူတို့ကုမ္ပဏီဟာ ဆစ်ဒနီမှာ အထပ်မြင့်တိုက်တွေတည်ဆောက်တဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး သြစတြေးလျဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်လာပြီဖြစ်တဲ့ ပရောဂျက်တွေနဲ့ အောင်မြင်နေပါတယ်။
ယခုနှစ်သြဂုတ်တုန်းက အဆိုပါကုမ္ပဏီက Green Square မှာရှိတဲ့ Infinity တိုက်ခန်းတွေကို စတင်ရောင်းချတဲ့တစ်နေ့တည်းမှာတင် သြစတြေးလျဒေါ်လာ သန်း ၃၈၀ ကျော်ဖိုး ရောင်းချခဲ့ရပါတယ်။
လက်ရှိမှာလည်း North Sydney မှာ အထပ် ၂၀ ပါ Skye နဲ့ ဆစ်ဒနီစီးပွားရေးအချက်အချာနေရာရှိ Clarence လမ်းမှာ အထပ် ၂၅ ထပ် လူနေတာဝါအပါအ၀င် အခြားပရောဂျက်ကြီးတွေကို အကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)