နှစ်ပေါင်း ၅ဝကျော် သက်တမ်းရှိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၅၁ လမ်း အိမ်ရာအဆောက်အအုံ များသည် ယိုယွင်းအိုဟောင်းနေပြီး သစ်ပင်နွယ်ပင်များ တွယ်ကပ်ပေါက်ရောက်နေခဲ့သည်။ ရေညှိများ ကပ်ငြိ နေသကဲ့သို့ အင်္ဂတေအချို့မှာလည်း ကွာကျလျက်ရှိနေသည်။
အဆိုပါ အဝါရောင်တိုက်ကြီးများ၏ နေရာတွင် ခေတ်မီလှပပြီး သစ်လွင် ခိုင်ခံ့သည့် အထပ်မြင့် အဆောက်အအုံများက အစားထိုးဝင်ရောက်လာပါပြီ ဟု ၎င်းနေရာတွင် ငယ်စဉ်ကတည်းက နေထိုင်ခဲ့သူ ကိုစိုးမင်း က ဆိုသည်။
''အရင်က ပြည်တော်သာ အိမ်ရာပါ။ ကျွန်တော် မမွေးခင်ကတည်းက အဒေါ့်နာမည်နဲ့ရခဲ့တာ၊ အခုဆို နှစ်ပေါင်း ၅ဝ ကျော်ပြီ၊ အဆင့်မီအိမ် ရာဆောက်ပေးမယ်ဆိုတော့ ဖြစ်ပါ့မလားလို့ သံသယရှိခဲ့ကြတယ်။ ယုံကြည်တဲ့ သူတွေလည်းရှိတယ်။ ကျွန်တော်ကတော့ ယုံကြည်တဲ့ အထဲမှာ ပါပါတယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်နဲ့ ခေတ်မီတဲ့ အိမ်ရာအဆောက် အအုံကြီးအဖြစ်နဲ့တော့ မျှော်မှန်း မထားမိခဲ့ဘူး'' ဟု ၎င်းကပြောသည်။
လက်ရှိအစိုးရအဖွဲ့ တာဝန်ယူစဉ် ငါးနှစ်တာကာလ အတွင်း အိမ်ရာပြန် လည်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက် ခဲ့ရာတွင် ''၅၁ လမ်းအိမ် ရာ ပြန် လည် ဖွံ့ဖြိုးရေးစီမံကိန်း''သည် တစ်ခုအပါအဝင်ဖြစ်ပြီး ဆောက်လုပ် ချိန် နှစ်နှစ်အတွင်း အမြန်ဆုံးနှင့် စံချိန်စံညွှန်းကိုက်ညီစွာ ဆောက်လုပ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ယခင်အဆောက်အအုံက နှစ်ပေါင်း ၅ဝ ကျော်သက်တမ်းရှိလာ ပြီး ဟောင်းနွမ်းယိုယွင်းလာတာကြောင့် အိမ်ရာများပြန်လည်ဖွံ့ဖြိုးရေး အစီအစဉ်အရ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက်ရယူကာ ပထမဦးဆုံး ဆောင်ရွက်ခဲ့တဲ့ Pilot Project ဖြစ်ပါတယ်'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က ပြောကြားသည်။
အဆိုပါ (၅၁) လမ်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းသည် ရန်ကုန် တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ မဟာဗန္ဓုလလမ်းနှင့် ကုန်သည် လမ်း၊ (၅၁) လမ်းနှင့် လမ်း(၅ဝ) အကြားတွင်ရှိပြီး ၂ ဒသမ ၄၈၆ ဧကခန့် ကျယ်ဝန်း ကာ မြေအမျိုးအစားမှာ အစိုးရမြေဖြစ်သည်။ မူလအိမ်ခန်းများ၏ အိမ်ရာ နေထိုင်မှုစနစ်မှာ အငှားချ ဝန်ထမ်းအိမ်ရာများ ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်က မူလပိုင်ရှင် ၂၂၄ ဦးအား အခန်းသော့များ ပြန်လည်အပ်နှံ ကာ နေထိုင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
''နှစ်နှစ်အတွင်း ပြီးမှ ပြီးပါ့မလားလို့ တွေးပြီးစိုးရိမ်နေခဲ့တာ။ နေ့မနား ညမနားကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း အနီးကပ်ကူညီခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန် မြို့တော်စည်ပင် စတဲ့အဖွဲ့အစည်းတွေက ကူညီလို့သာ မြန်မြန်ပြီး သွားတာပါ။ အခု တိုက်မှာနေထိုင်ကြပြီ ဖြစ်တဲ့သူတွေအားလုံး အဆင်ပြေ တယ်ပြောလို့ စိတ်ချမ်းသာရပါတယ်'' ဟု မဟာနဝရတ်မြေ ဆောက် လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ဝင်း က ပြောသည်။
၂ဝ၁၂ ခုနှစ် ဇူလိုင် ၁ဝ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးမှ မဟာနဝရတ်မြေ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် အောင်မြင်ပြည့်စုံဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ကို တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့ အစည်းများအဖြစ် ရွေးချယ်ခဲ့ပြီး လုပ်ငန်းအပ်နှံသည့်ဌာနနှင့် လုပ်ငန်း လက်ခံသည့်ကုမ္ပဏီများအကြား လုပ်ငန်းသဘောတူ စာချုပ်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ချုပ်ဆိုခဲ့ပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် လုပ်ငန်းစတင်ရန် သတ်မှတ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
''ပုဂ္ဂလိကနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်တာကို တခြားပြည်ပ တိုင်းပြည်တွေမှာလို လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်က အခန်းတွေပြန်ယူပြီး မူလနေထိုင်သူတွေကို အခန်းတွေပြန်ပေးတာပါ။ ဒါ့အပြင် အခန်း ပိုတွေထွက်လာတာကြောင့် တခြားလိုအပ်တဲ့ပြည်သူတွေ ကို ရောင်းချပေးနိုင်တဲ့အတွက် အိမ်ရာလိုအပ်ချက်ကို အထိုက် အလျောက် ဖြည့်တင်းပေးနိုင်မှာပါ'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင် က ပြောသည်။
စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က''အစိုးရသစ်တက်လာပြီး ငါးနှစ်တာကာလအတွင်းမှာ တော်တော်လေးလုပ်လာတာ တွေ့ရတယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကတော့ တစ်ဖက်မှာလည်း အားနည်းချက်တွေ၊ အားသာချက်တွေရှိတယ်။ လစာနည်းတဲ့ ဝန်ထမ်းတွေ အတွက် အိမ်ရာစီမံကိန်းတွေ များများဖော်ဆောင်ပေးနိုင်လေ ကောင်းလေ ပါပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတယ်။ ရန်ကုန်မှာက လူဦးရေ ငါးသန်းကျော်လာပြီဆိုတော့ အိမ်ရာစီမံကိန်းတွေက မလုပ်လို့ကို မရတော့ ဘူး'' ဟု သုံးသပ်ပြောကြားသည်။
စီမံကိန်းစတင်ရန် တိုက်ဟောင်းများဖြိုဖျက်မှု မပြုလုပ်ခင်ကတည်းကကုမ္ပဏီများအနေဖြင့် ခေတ်
ကာလနှင့်လျော်ညီသော အိမ်ငှားစရိတ် များနှင့် ပြောင်းရွှေ့စရိတ်များ ထုတ်ပေးခဲ့ကြောင်း၊ ပြောင်းရွှေ့စရိတ် မယူလိုသူများအတွက် ခေတ္တနေထိုင်ရန် စီစဉ်ပေးခဲ့ကြောင်း အိမ်ရာနေ ထိုင်သူများထံမှ သိရသည်။
တိုက် (အေ)တွင် ပြန်လည်နေထိုင်နေပြီဖြစ်သည့် ဦးဝင်းနိုင်က ''ပြောင်းရွှေ့ စရိတ်က တစ်လကို တစ်သိန်းခွဲနဲ့နှစ်နှစ်စာ ၃၆ သိန်းပေးတယ်။ တစ်သိန်းခွဲမလိုချင်တဲ့သူကို ယုဇနမှာ ထားပေးတယ်။ စရိတ်လည်းပေး တယ်။ အခြားမှာနေတဲ့သူတွေကိုလည်း အိမ်ငှားခပေးတယ် ။ နောက်လေးလအတွက် ကိုးသိန်းထပ်ပေးတယ် ။ ပြောင်းရွှေ့တဲ့အခါမှာ လည်း အလုပ်သမားရော၊ ကားရောကူညီပြီးပြောင်းပေးပါတယ်။ အခု ပြန်ပြောင်းလာ ပြန်တော့လည်း အဲဒီလိုပဲလုပ်ပေးတာပါ။ အစစ အရာရာ အဆင်ပြေပါတယ်''ဟု ပြောသည်။
(၅၁) လမ်းအိမ်ရာ၏ မူလအခန်းအကျယ်မှာ စတုရန်းပေ ၃၈ဝ ဖြစ်ပြီး ရှစ်ခန်းတွဲ လေးထပ်တိုက် ခုနစ်လုံးတွင် စုစုပေါင်းအခန်းအရေအတွက်မှာ ၂၂၃ ခန်းနှင့် ရုံးခန်းတစ်ခန်းသာရှိခဲ့ရာမှ ယခု အသစ်တည်ဆောက်ပြီးစီး ခဲ့သည့် အိမ်ရာစီမံကိန်းတွင် ၁၂ ထပ်ခွဲ အဆောက်အအုံနှစ်လုံး၊ ၁၅ ထပ်ခွဲ အဆောက်အအုံ နှစ်လုံးပါဝင်ပြီး စီမံကိန်းဧရိယာအတွင်း လူနေအိမ်ခန်းပေါင်း ၅ဝ၈ ခန်းအထိ ပါဝင်ကာ အခန်းအကျယ်များမှာ စတုရန်းပေ ၆ဝဝ မှ စတုရန်း ပေ ၁၈ဝဝ အထိရှိကြောင်းနှင့် ပြန်လည်ပေးအပ်ခဲ့သော အခန်းများမှာ စတုရန်း ပေ ၆ဝဝအကျယ်ရှိသော အခန်းများဖြစ်ကြောင်း သိရသည်။
'' ၁၉၇ဝ ခုနှစ်ကတည်းက ဒီမှာနေခဲ့တာ။ အဖေက ရေနံကဝန်ထမ်း ဆိုတော့ အဖေ့နာမည်နဲ့ရခဲ့တာ။ ဝန်ထမ်းအိမ် ရာဖြစ်တော့ ပြန်ရမယ် ဆိုတာသိတယ်။ အစည်းအဝေးမှာလည်း ပြောလို့သိပါတယ်။ အရင်အခန်းထက်ပိုကျယ်လာတယ်။ အခန်းတစ်ခန်းလည်း ပိုလာတဲ့အတွက်မိသားစုကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ လှေကားအတက်အဆင်းကအစ အဆင်ပြေတဲ့အတွက် စိတ်ချမ်းသာတယ်။ လေကောင်း လေသန့်လည်း ရတယ်'' ဟု အောင်မြင်ပြည့်စုံကွန်ဒိုတွင် ပြန်လည်နေထိုင်လျက် ရှိသော ဒေါ်တင်တင်ရွှေက ပြောသည်။
''အစကဝန်ထမ်းတွေရော၊ ပြည်သူတွေပါနေတဲ့ ပြည်သူ့အိမ်ရာပါ။ အခု ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံးမှာ အငှားအိမ်ရာဆိုပြီးအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ အဲဒါတွေပြီးသွားတာနဲ့ တစ်ပြိုက်နက် ဒီအိမ်ရာမှာနေတဲ့သူတွေကို နှုန်းထားတစ်ခု သတ်မှတ်ပြီး ကောက်သွားဖို့ ရှိပါတယ်။အရောင်းအိမ်ရာတွေက သိန်း ၁၂ဝ ကျော် တဲ့အခါကျတော့ အခြေခံလူတန်းစားတွေမဝယ်နိုင်ဘူး။ ဒါကြောင့် ဒီအိမ်ရာမှာ မူလနေထိုင်ခဲ့သူတွေ အတွက်ကတော့ အငှားအိမ်ရာစနစ်ပါ။ ကုမ္ပဏီတွေဘက်ကတော့ အရောင်း အိမ်ရာ စနစ်ဖြစ်ပါတယ်'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်ကပြောသည်။
တိုက်အဆောက်အအုံအရည်အသွေးပိုင်းနှင့် ကြံ့ခိုင်မှုရှိရေး အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝါရင့်ကျွမ်းကျင် အင်ဂျင်နီယာကြီး များ ပါဝင်သောအဖွဲ့မှ တစ်လွှာချင်းစီအလိုက် စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခဲ့ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ် ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
'' ဖောင်ဒေးရှင်းကစပြီးတော့ အထပ်မြင့်တွေအထိ တစ်လွှာပြီး တစ်လွှာ နိုင်ငံတကာ မှာ သုံးတဲ့နည်းစနစ်တွေနဲ့အညီ စစ်ဆေးခဲ့ပါ တယ်။ နိုင်ငံတော်နဲ့လုပ်တဲ့ အဆောက်အအုံဖြစ်တဲ့အတွက် အဆောက် အအုံတွေ ဆောက်လုပ်မယ်ဆိုရင် အရည်အသွေးစစ်တဲ့ ပညာရှင်တွေ အခုလိုထည့်ပေးထားတဲ့အတွက် သူတို့ရဲ့ စစ်ဆေးလမ်းညွှန်မှုကြောင့် အဆောက်အအုံတွေ ပိုပြီးခိုင်ခံ့မှုရှိပါတယ်'' ဟု စစ်ဆေးရေးအဖွဲ့မှ လုပ်သက်အတွေ့အကြုံ ၄၂ နှစ်ရှိပြီဖြစ်သည့် ဦးမြင့်ဆွေ က ပြောသည်။
အဆိုပါစီမံကိန်းအတွက် နိုင်ငံတော်မှ မြေတန်ဖိုးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ငွေကျပ်သိန်း ၁၂၉၉၅ဝ ဖြစ်ကာ လုပ်ငန်းလက်ခံသူ ကုမ္ပဏီများဘက်မှ အဆောက်အအုံနှင့် Infrastructure လုပ်ငန်း များ ဆောက်လုပ်မှု ကုန်ကျစရိတ်အတွက် ရင်းနှီးမြှုပ်နှံရမည့်တန်ဖိုး မှာ ငွေကျပ် သိန်း ၁၄၉ဝဝဝ ရှိသဖြင့် နိုင်ငံတော်နှင့် ကုမ္ပဏီတို့၏ ရင်းနှီးမြှုပ်နှံမှုမှာ ၄၆ ဒသမ ၆ အချိုး ၅၃ ဒသမ ၄ ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုအခါ ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုစလုံးမှ အသစ်တည်ဆောက်ခဲ့သည့် ၁၂ ထပ်ခွဲ ကွန်ဒိုမီနီယမ်နှစ်ခုလုံးမှာ ၉၈ ရာခိုင်နှုန်းစီ လုပ်ငန်းပြီးစီးခဲ့ သဖြင့်ရေနှင့် မီးရရှိရေးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အခန်းနေပြည်သူများ ရေဖူလုံစွာရရှိစေရန်အတွက် မူလ သွယ်တန်းထားသည့် ဂျိုးဖြူပိုက်လိုင်းမှရေအပြင် စက်ရေတွင်းနှစ်တွင်းလည်း တူးဖော်ပေးထားကြောင်း၊ လျှပ်စစ်မီးရရှိရေးအတွက် ကုမ္ပဏီများစုပေါင်းပြီး ဓာတ်အားခွဲရုံ တည်ဆောက်ရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အောင်မြင်ပြည့်စုံ ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ကိုကောင်းထက်မော် ကပြောသည်။
ထို့အပြင် အိမ်ရာစီမံကိန်းတွင် နေထိုင်သူများ အပန်းဖြေအနားယူနိုင်ရန် ကလေးကစားကွင်းများ၊ ကော်ဖီဆိုင်များ၊ ဘိလိယက်ကစားရန်နေရာများ၊ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ရေးခန်းမများ၊ ရေကန်ငယ်များ စသည်ဖြင့် ထည့်သွင်းဆောက်လုပ်ထားသည့်အပြင် ရုံးခန်းများ၊ ကျယ်ဝန်းသော ကားပါကင်များပါဝင်သည့် အဆောက်အအုံများဖြင့် အစားထိုးတည်ဆောက် နိုင်မှုကြောင့် လူဦးရေသိပ်သည်းမှုကို Densification နည်းဖြင့် ဖြည့်ဆည်း ပေးနိုင်သည့်အပြင် နိုင်ငံ၏ အိမ်ရာလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်သည့် အိမ်ရာစီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
''ကျွန်တော်က ဗိုလ်တထောင် ၅၁ လမ်း အိမ်ရာမှာမွေးပြီး ကြီးပြင်းခဲ့တာ ဆိုတော့ အိုဟောင်းတဲ့ အိမ်ရာကနေ အခုလို ခေတ်မီတဲ့တိုက်ခန်း မှာ နေထိုင်ရတဲ့အပေါ်မှာ လောလောဆယ်ခံစားရမှုကို ပြောပြရရင် ရေမီးပြည့်စုံ တယ်။ ဓာတ်လှေကားပါတဲ့အတွက် အသက်ကြီးတဲ့သူတွေအတွက် အဆင်ပြေတယ်။ အလယ်မှာ လေဝင်လေထွက်ကောင်းတယ်။ အခန်း အတွင်းပိုင်းကတော့ သူကြိုက်/ကိုယ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ လက်ရှိနေ သူတွေကို အဝေးလွင့် မသွားစေဘဲ မူလရှိတဲ့နေရာမှာပဲ အဆင့် တန်းမြင့်မြင့်နေနိုင်အောင်၊ ပြန်နေခွင့် ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်''ဟု မဟာနဝရတ်မြေ အဆောက်အအုံဘက်အခြမ်းတွင် နေထိုင်သည့် ကိုစိုးမင်း က ပြောသည်။
ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တည်ဆောက်ခဲ့သော (၅၁)လမ်းအိမ်ရာသည် မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီခမ်းနား စွာ ပေါ်ထွက်လာသကဲ့သို့ အဆိုပါ အိမ်ရာနေ ပြည်သူများအတွက်လည်း လူနေမှုအဆင့်အတန်း ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
(၅၁) လမ်း အဆင့်မြင့်အိမ်ရာတွင် နေထိုင်သူဦးဝင်းနိုင်က ''ဒီလောက်ကောင်းတဲ့ အဆောက်အအုံကြီးနဲ့ ဓာတ်လှေကား ကြီးတွေ ဖြစ်လာမယ်လို့ ထင်မထားပါဘူး။ အရင်နေခဲ့ရတာနဲ့ နှိုင်းယှဉ်ရင် လူနေမှု အဆင့်အတန်းက ခေတ်မီသွားတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ဒီနေရာမှာရှိတဲ့ တိုက်ခန်းဈေးနှုန်းနဲ့ ယခုပေါက်တဲ့ တိုက်ခန်းဈေးနှုန်းက အများကြီး ကွာခြားသွားပါပြီ'' ဟု ပြောသည်။
လက်ရှိ နိုင်ငံတော်အစိုးရအဖွဲ့ တာဝန်ယူစဉ် ဖော်ဆောင်လျက်ရှိသည့် အိမ်ရာစီမံကိန်းများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ''အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်တဲ့အခါမှာ တိုက်ခန်း ဈေးနှုန်းတွေက မြင့်မားတာကြောင့် ဝင်ငွေနည်းပါးတဲ့ လူထုအတွက် ဝယ်နိုင်ဖို့ အခက်အခဲရှိပါတယ်။ တန်ဖိုးနည်းလို့ဆိုပေမယ့် သာမန်ပြည်သူတွေက မဝယ်နိုင်ကြသေးပါဘူး။ ပြည်ပနိုင်ငံတွေမှာဆိုရင် အငှားအိမ်ရာ စနစ်တွေရှိတယ်။ အစိုးရက မြို့လယ်မှာကို အငှားချထားပေး တာ။ ကျွန်တော်တို့ နိုင်ငံမှာလည်း အဲ့ဒီလို အငှားအိမ်ရာတွေများများ လုပ်ပေးနိုင်ရင် လူအများနေနိုင်တဲ့ အနေအထားရောက်သွားမယ်'' ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့ (၅၁) လမ်းရှိ အဝါရောင်တိုက်အိုကြီးများသည် သမိုင်း တစ်ခေတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့တော်၏ မြို့ပြဖွံ့ဖြိုး တိုးတက် မှုနှင့်အတူ (၅၁) လမ်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံ ကိန်းဖြင့် ဖော်ဆောင်ခဲ့ သည့် (၅၁) လမ်း အဆင့်မြင့်အိမ်ရာများ သည် နေ့သစ်၏ ရောင်ခြည်နှင့်အတူ ခံ့ညားထည်ဝါစွာ ပေါ်ထွက်လာခဲ့ပါပြီ။
Credit: MOI Webportal Myanmar