ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အရစ်ကျစနစ်နဲ့ ရောင်းချခဲ့တဲ့ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းက အခန်းတွေရဲ့ ပြင်ပပေါက်ဈေးတွေဟာ မြေညီထပ်
တိုက်ခန်းတွေကိုကျပ်သိန်း(၆၀၀) လောက်အထိ
ခေါ်ဈေးရှိနေတယ်လို့ သိရပါတယ်။
"ဈေးတွေကတော့ မြေညီထပ်အမြင့်ဆုံးပဲ၊ စည်ပင်က ရောင်းတုန်းက ဈေးကအတူတူပေမယ့် ရောင်းတဲ့သူတွေကျတော့ အရောင်းအ၀ယ်ပိုဖြစ်ပြီး လူကြိုက်တဲ့ မြေညီထပ်က ဈေးပိုမြှင့်ထားတယ်"လို့ သုခအိမ်ခြံမြေအကျိုးဆောင်က ကိုနန္ဒက ပြောပါတယ်။
ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြင်ပပေါက်ဈေးတွေက ထောင့်ခန်း မြေညီထပ်တွေကို သိန်း (၆၀၀) ၀န်းကျင်၊ ပထမထပ်ကို သိန်း (၄၀၀) ဝန်းကျင်၊ ဒုတိယထပ်ကို သိန်း (၃၅၀) ဝန်းကျင်နဲ့ ကျန်တဲ့အထပ်တိုက်ခန်းဈေးတွေကတော့ မူလဝယ်ရင်းဈေးနဲ့ သိပ်မကွာခြားတဲ့ ကျပ်သိန်း (၃၀၀) ၀န်းကျင်ပဲ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိဆောက်လုပ် အကောင်အထည်ဖော်မှု အနေနဲ့ (၆၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လာမယ့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ အခန်းအပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၄င်းအိမ်ရာကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနဲ့ ဦးရွှေကြူး လမ်းကြားမှာ ဆောင်ရွတ်နေတာဖြစ်ပြီး အခန်းပေါင်း (၈၀၀) ကျော်ပါဝင်တယ်လို့ သိရပါတယ်။
ဝယ်ယူသူတွေကို အခန်းအပ်နှံပြီးတဲ့ ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းမှာတော့ လာရောက်နေထိုင်သူ (၅၀) ရာခိုင်နှုန်းခန့်ရှိပြီလို့ သိရပါတယ်။
Credit : The Kumudra