ပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အစိုးရမြေများပေါ်တွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများနှင့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဌာနပိုင်အိမ်ရာစခန်းများတွင်လည်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများဖြင့် အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြ သောဝန်ထမ်းများ နေထိုင်ရေးအခက်အခဲမရှိစေရန် အတွက် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်မှစ၍ ဘဏ္ဍာငွေများ လျာထား သတ်မှတ်ကာ ဝန်ထမ်းအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ပေးလျက်ရှိသည်။
အဆိုပါအိမ်ရာစီမံကိန်းများအနက် တစ်ခုအပါ အဝင်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် (၂၆×၂၇) လမ်းနှင့် (၇၃×၇၄) လမ်းကြားရှိ စိတ္တရမဟီ အဆင့်မြင့်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ် မတ်လ ၂၃ ရက်မှစတင်၍ တင်ဒါစည်းမျဉ်းနှင့်အညီ အကျိုးတူဆောက်လုပ်ခွင့်ရရှိကြသော ကုမ္ပဏီငါးခုက သုံးလအတွင်းပြီးစီးအောင် တည်ဆောက်ပေးနိုင်ခဲ့မှု ကြောင့် ၂ဝ၁၅ ခုနှစ် ဇွန်လ ၁၆ ရက်တွင် မဲစနစ်ဖြင့် နေရာ ချထားပေးနိုင်ခဲ့ပြီဖြစ်သည်။
အဆင့်မြင့်ဆောက်လုပ်ပြီးစီးခဲ့သည့် စိတ္တရမဟီ အိမ်ရာစခန်းရှိ အဆောက်အအုံများသည် ၁၉၅၁ ခုနှစ်တွင် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာ စည်ပင် ရေးအဖွဲ့မှ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် (၂၆ နှင့် ၂၇) လမ်းကြား၊ (၇၃ နှင့် ၇၄)လမ်းကြားရှိ စိတ္တရမဟီရပ်ကွက် မြေကွက်အမှတ် ၇၂၆၊ မြေဧရိယာ ၄ ဒသမ ၅၃၆ ပေါ်တွင် ၂ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ၂၈ လုံးကို တည်ဆောက်ခဲ့၍ အခန်း ပေါင်း ၁၁၂ ခန်းကို ဝန်ထမ်းများ အတွက် အငှားချနေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ရာ နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိလာသည့် အဆောက်အအုံ များဖြစ်သည့်အတွက် ဟောင်းနွမ်း ယိုယွင်းလာသည့်အပြင် ရေပေးရေး စနစ်နှင့် မိလ္လာစနစ်တို့မှာလည်း ပျက်စီးချို့ယွင်းလာခဲ့သည်။
ထို့ပြင် အိမ်ရာစခန်းသည် မန္တလေး မြို့ပြဖွံ့ဖြိုးမှု၏ အဓိကနေရာနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် မန္တလေးကျုံးနှင့် နန်းတော် အနီးတွင် တည်ရှိနေသဖြင့် မြို့ပြ အင်္ဂါရပ်နှင့် လိုက်လျောညီထွေရှိစေ ရန်နှင့် အိမ်ရာစခန်းအား ပြန်လည် စည်ပင်ဖွံ့ဖြိုးရန်အတွက် ပြုပြင်တည်ဆောက်ရန်လည်း လိုအပ်လာခဲ့သည်။
အဆိုပါအဆောက်အအုံ အဟောင်း၏ မူလအခန်းတစ်ခန်းမှာ အကျယ်အဝန်း စတုရန်းပေ ၄၈ဝ သာရှိ၍ မိသားစုများအတွက် ပိုမိုသင့်တော် ကောင်းမွန်သော အကျယ်အဝန်း ရှိသည့် အခန်းများပါဝင်သည့် အဆောက်အအုံများအဖြစ်ပြုပြင် တည်ဆောက်နိုင်ခြင်းဖြင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေ မည့်အပြင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကိုလည်း အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်တို့ဖြင့် အိမ်ရာစခန်းအား အသစ်ပြုပြင်ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် အဆင့်မြင့်တည်ဆောက် ခြင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် အဆောက်အအုံအဟောင်းများအား စတင်ဖျက်သိမ်းခဲ့ပြီး အိမ်ရာစခန်းနေ အိမ်ငှားဝန်ထမ်းများအား တည်ဆောက်ရေးကာလဖြစ်သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဇွန်လကုန်အထိ ပြင်ပတွင် အိမ်ငှားရမ်းနေထိုင်ရန် တစ်လလျှင် အိမ်ငှားခ ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ ပြောင်းရွှေ့စရိတ်အဖြစ် မိသားစုတစ်စုလျှင် ငွေကျပ် ခြောက် သိန်းနှုန်းဖြင့်လည်းကောင်း ဌာန၏ စီမံခန့်ခွဲမှုဖြင့် ကုမ္ပဏီများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
စိတ္တရမဟီ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွင် တည်ဆောက်ခဲ့သော အဆောက်အအုံများတွင် စုစုပေါင်း အခန်း ၃၇၈ ခန်းပါဝင်ပြီး အဆောက်အအုံအမျိုးအစားမှာ Apartment, Condominium, Show Room & Office, Admin Building, Shop House & Gym Hall တို့ဖြစ်ပြီး ဝန်ထမ်းများအတွက် ပြန်လည်နေရာ ချထားပေးရန် ဌာနမှရရှိသော အခန်းပေါင်း ၁၄၄ ခန်းတွင် ဝန်ကြီး ဌာနပေါင်း (၂၃) ခုမှ ဝန်ထမ်းများ နေထိုင်ရန်အတွက် အခန်းပေါင်း ၁၃၂ ခန်းကို ၂ဝ၁၅ ခုနှစ် ဇွန် ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဲစနစ်ဖြင့် ဦးစွာနေရာ ချထားပေးခဲ့ကာ အရန်အဖြစ် ထားရှိသော အခန်း ၁၂ ခန်းကိုလည်း ဆက်လက်၍ နေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။
အိမ်ရာအသစ်များ စတင်အပ်နှံသည့် အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံတော်အစိုးရမှ နေရာဒေသ အသီးသီးတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေကြရသော နိုင်ငံ့ ဝန်ထမ်းများ နေထိုင်ရေးအတွက် အခက်အခဲမရှိစေဘဲ သက်သာချောင်ချိစွာ နေထိုင်ရမှုဖြင့် လုပ်ငန်းတာဝန်များကို အေးချမ်းစွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပြီး ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ပေးလျက်ရှိကြောင်း၊ နေထိုင်ကြသူ များကလည်း စနစ်တကျဖြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွားကြစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများအတွက် အဆောက်အအုံ ငါးလုံးကို အကျိုးတူ တည်ဆောက်ပေးခဲ့ရာ အဆောက်အအုံ တစ်လုံးလျှင် ၃၁၅ ကေဗွီအေ ရှိ ထရန်စဖော်မာများ တပ်ဆင်ပေး ထားပြီး ရေရရှိရေးအတွက် တစ်နာရီ လျှင်ရေဂါလံ ၃ဝဝဝ ထွက်သော ၂ လက်မအဝီစိတွင်း တူးဖော်ပေး ခြင်းများအပြင် ရေတင်စက်၊ ရေတွန်း စက်၊ ဓာတ်လှေကား၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေထုတ် မြောင်းစနစ်နှင့် ရေဆိုးသန့်စင်စက်များလည်း ထည့်သွင်းဆောင်ရွက် ထားရှိသည်။
အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်ရန်ကျန်ရှိသော လမ်းနှင့် ရေမြောင်းများအား ယခု ဒီဇင်ဘာလ အပြီး ဆောင်ရွက်လျက်ရှိပြီး ကွန်ဒို မီနီယံများ၊ ရုံး၊ အဆောက်အအုံနှင့် ဆိုင်ခန်း၊ ပြခန်းများအား လာမည့် ဖေဖော်ဝါရီ ၁၅ ရက်အပြီး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးမြို့ရှိ စိတ္တရမဟီ ပြန်လည် ဖွံ့ဖြိုးရေးအိမ်ရာစီမံကိန်းမှ ပေါ်ထွက်လာသော တိုက်ခန်းများတွင် ဝန်ထမ်း မိသားစုများအား ပြန်လည်နေရာ ချထားပေးခဲ့ရာ မူလအခန်းအကျယ် စတုရန်းပေ ၄၈ဝ သာရှိခဲ့ရာမှ ယခု အခါ ၆၂၅ စတုရန်းပေရှိသော တိုက်ခန်းသစ်များ၌ ပြောင်းလဲနေရာ ချထားပေးနိုင်ခဲ့ခြင်းကြောင့် ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်နှင့်အညီ လူနေမှုအဆင့်အတန်း တစ်ရပ်ကို မြှင့်တင်ပေးနိုင်ခဲ့ပြီဖြစ်ရာ စိတ္တရမဟီ အဆင့်မြင့်အိမ်ရာသည် မန္တလေးမြို့တော်၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ မြို့ပြဖွံ့ဖြိုး တိုးတက်မှုပုံရိပ်များနှင့်အတူ ယှဉ်တွဲ ၍ ပနံတင့်လျက်ရှိနေပြီ ဖြစ်ပါတော့သည်။
Credit : MOI Webportal Myanmar