မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်လာမည့် ကျပ်ငွေ ၃၂ ဘီလျံ မ,တည် ရင်းနှီးထားသည့် ရန်ကုန် စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက် (ယနေ့) တွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြ၀တီဘဏ် ရုံးချုပ်ဟောင်း၌ နံနက် ၉ နာရီတွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
"ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲမှာက နိုင်ငံတကာက တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းထက် နိုင်ငံခြားကတောင် ပိုများနေတယ်" ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်မှု ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ယင်းဖွင့်ပွဲနေ့တွင် ကမ္ဘာနိုင်ငံ အသီးသီးမှ တက်ရောက်ကြမည် ဖြစ်ကာ အမေရိကန်ကဲ့သို့ အင်အားကြီး နိုင်ငံများသည်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရှယ်ယာ ရောင်းချမည့် ကုမ္ပဏီများ ရောင်းချခွင့်ရမည့် ရက်အလိုက်ကိုလည်း ဖွင့်ပွဲနေ့တွင် ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။
စတော့အိတ်ချိန်းကို နံနက် ၉ နာရီခွဲတွင် စတင် ဖွင့်လှစ်မည် ဖြစ်ကာ နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ရှယ်ယာ အရောင်းအ၀ယ်များကို Matching ပြုလုပ်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်၏ ကြေညာချက် အရ သိရသည်။
ရန်ကုန် စတော့အိတ်ချိန်းကို စတင်ရာတွင် အများပိုင် ကုမ္ပဏီ ခုနစ်ခုခန့်ဖြင့် စတင် သွားမည်ဖြစ်ကာ စတော့အိပ်ချိန်း စာရင်းဝင်ရန် စံသတ်မှတ်ချက် ၁၇ ချက်နှင့် ပြည့်မီသည့် ကုမ္ပဏီများဖြင့်သာ စတင် သွားမည်ဖြစ်ကြောင်း သိရသည်။
စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့် လုပ်ငန်း လိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင် တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ၀ယ်ရောင်း လုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင် လုပ်ငန်း Broker လိုင်စင်အတွက် ကျပ် ခုနစ်ဘီလျံ၊ အကြံပေး လုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားသည်။
မြန်မာ့ စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသန အဖွဲ့လီမိတက်၊ Japan Exchange Group တို့သည် ရန်ကုန် စတော့အိတ်ချိန်း တည်ထောင်ရန် နှစ်ဦးသဘောတူ နားလည်မှု စာချွန်လွှာ (Joint Venture) ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန် စတော့အိတ်ချိန်းကို ပထမအရစ် အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မ,တည် ရင်းနှီ၍ မြန်မာ-ဂျပန်ဖက်စပ် လုပ်ဆောင်သွားမည် ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ မြန်မာနိုင်ငံ အနေဖြင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည် ဖြစ်ကြောင်း သိရသည်။
Credit : Eleven Media Group