ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံလူတန်းစားပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည့်မြေနေရာအခက်အခဲရှိနေ၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လက်တွေ့အကောင်အထည်မဖော်နိုင်ဖြစ်နေရကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း(MCEA)မှ သိရ သည်။
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(MCEA)၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ပိုင် က ''ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံပြည်သူတွေ အမှန်တကယ်တိုက်ခန်းအိမ်ရာ ကိုယ်ပိုင်ဘဝနဲ့ နေနိုင်ဖို့ တန်ဖိုးနည်းအိမ်ရာဖော်ဆောင်ဖို့ဆိုတာက ဆောက်လုပ်ပေးမယ့် ကျွန်တော်တို့ ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ စီမံကိန်းမြေနေရာအခက်အခဲရှိနေပါတယ်။ ဒါကိုအစိုးရအဖွဲ့ အနေနဲ့လည်း သင့်တင့်တဲ့ မြေတန်ဖိုးဖြတ်ပြီး မပေးနိုင်သေးပါဘူး။ တစ်ဆင့်ဝယ်ပြီး ဆောက်လုပ် ရမယ်ဆိုရင် မြေတန်ဖိုးဈေးကအလွန်ကြီးပြီး တန်ဖိုးနည်းဖြစ်ဖို့မလွယ်ကူပါဘူး။ မြေနေရာက သင့်တင့်တဲ့တန်ဖိုးနဲ့ရလို့ ဆောက်လုပ်ပြီးအခန်း တွေကို အခြေခံပြည်သူတွေရဲ့လက်ထဲကို တိုက်ခန်း သော့အပ်နှံမယ်ဆိုရင် သူတို့မှာ အလုပ်ရှိဖို့လိုတယ်။ ပြီးတော့ ပုံမှန်ဝင်ငွေရှိဖို့လိုတယ်။ ဝင်ငွေမရှိ၊ အလုပ်မရှိတဲ့ အခြေခံပြည်သူတစ်ယောက်အတွက် အိမ်ရာရရှိဖို့ဆိုတာက တော့ မလွယ်ကူတဲ့ကိစ္စပါ'' ဟု သုံးသပ်ပြောကြားသည်။
လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန်၊ရွှေလင်ပန်း စက်မှုဇုန်နှင့်ရွှေပြည်သာစက်မှုဇုန်တို့ရှိ ဆောက်လုပ် ရေးဝန် ကြီးဌာနပိုင်မြေနေရာ ပေါ်၌ စက်ရုံလုပ်သား အိမ်ရာများ တည်ဆောက်လျက်ရှိကြောင်းသိရသည်။
ထိုတိုက်ခန်းများပြီးစီးလျှင် စက်ရုံ ၊ အလုပ်ရုံ ပိုင်ရှင်များအား ထိုက်သင့်သည့် ငွေကြေးဖြင့်အပ်နှံ ပြီး စက်ရုံလုပ်သားများအား လစာဝင်ငွေများအပေါ် ငှားရမ်း ခြင်းနှင့် အရစ်ကျစနစ်ဖြင့်ရောင်းချခြင်း တို့အား ပြုလုပ်သွားမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်ကော်မတီရုံးမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ အနယ်နယ်အရပ်ရပ်မှလာရောက် အလုပ်လုပ်ကိုင်နေကြသော စက်ရုံ၊ အလုပ်ရုံ လုပ်သားများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဈေးရောင်း ဈေးဝယ် ပျံကျဈေးသည်များမှာ မြို့ပေါ်ဆင်ခြေဖုံး ရပ်ကွက်များ၌ တစ်လလျှင် တိုက်ခန်းငှားရမ်းခ ငွေကျပ် ငါးသောင်းမှ ငွေကျပ်တစ်သိန်းကြား ငှားရမ်းနေထိုင်လုပ်ကိုင်လျက် ရှိကြောင်းသိရသည်။
ထို့ပြင် ပန်းရန်လုပ်သားများ၊ ကူလီထမ်းနှင့် အခြားအခြေခံလုပ်ငန်းများဖြင့် နေ့စဉ် မိသားစုဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြ သော မိသားစုများမှာလည်း စက်မှုဇုန်လမ်းမကြီး ၏ဘေးဝဲ/ယာနှင့် ဆင်ခြေဖုံးမြို့နယ်များရှိ လမ်းမ ကြီး၏ဘေးဝဲ/ယာ တို့၌ ကျုးကျော်နေထိုင်နေကြ ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း လူဦးရေ သိန်းနှင့်ချီရှိကြောင်းသိရသည်။
ရန်ကုန်မြို့လယ်နှင့်နီးကပ်သည့် ကြည့်မြင် တိုင်တစ်ဖက်ကမ်းကို တော်ဝင်မိသားစုကုမ္ပဏီ လီမိတက်မှတန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆောက်လုပ် ရန်မျှော်မှန်းထားကြောင်းသိရပြီး အရစ်ကျစနစ်များ ပါဝင်ကာ တန်ဖိုးနည်းအိမ်ရာစီမံ ကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု အစိုးရအား မြေနေရာ တင်ပြထားပြီး ဖြစ်သည်။
လောလောဆယ်အနေအထားအရ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင် ကြီးနှင့် အခြားမြို့နယ် များတွင်တန်ဖိုးနည်းအိမ်ရာများအား ဖော်ဆောင် လျက်ရှိကြောင်းနှင့် အဓိကလုပ်ငန်းခွင်ဝင်နေကြသောပုံမှန်ဝင်ငွေရှိကြသည့် လုပ်သားများအတွက် ဖော်ဆောင်ပေးနိုင်စေရန်စက်မှုဇုန်များ အနီးတစ်ဝိုက် တွင် လည်း တန်ဖိုးနည်းအိမ်ရာများဖော်ဆောင်လျက် ရှိနေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းမှ သိရသည်။
Credit: MOI Webportal Myanmar