ကန်တော်ကြီးသဘာဝဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နှင့် မြကျွန်းသာ ဥယျာဉ် တို့အား ပုဂ္ဂလိက ကုမ္ပဏီများနှင့် မြေငှားရမ်းခစာချုပ် ချုပ်ဆိုမှုများကို ခေတ်ကာလပေါက်ဈေးနှင့် ညီညွတ်စေရန် ပြင်ဆင်ချုပ်ဆိုမှုများပြုလုပ်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
တင်ဒါမခေါ်ဘဲ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်မှု အားနည်းခြင်း၊ ခေတ်ကာလပေါက်ဈေးအရ မြေငှားရမ်းခနှုန်းထား နည်းပါးနေခြင်း၊ မည်သည့်နှုန်းထားများဖြင့် စာချုပ်ချုပ်ဆိုထားသည်ကို မသိရှိခြင်းတို့ကြောင့် ဥယျာဉ်များ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက လွှတ်တော်၌ မေးမြန်းခဲ့မှုများကို မြို့တော်ဝန်က အချက်အလက်နှင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကန်တော်ကြီးသဘာဝဥယျာဉ်တွင် ၁၈ ဧကကျော် နှစ်ရှည်မြေငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည့် ဇေကမ္ဘာကုမ္ပဏီနှင့် ပထမ ၅ နှစ်စာချုပ်သက်တမ်း ပြည့်သွားပြီဖြစ်၍ ယခင်တစ်ဧကလျှင် ကျပ် ၁၂ သိန်းဖြင့် ငှားရမ်းခဲ့ရာမှ ယခု ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး တစ်ဧကလျှင် ကျပ်သိန်း ၆၀၀ နှုန်းဖြင့် အောက်တိုဘာနောက်ဆုံးပတ်က စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။ အဆိုပါစာချုပ်သည် ယခု ၂၀၁၅ မှ ၂၀၂၀ အထိ အကျုံးဝင်ပြီး ထပ်မံ၍ သက်တမ်းတိုးငှားရမ်းလိုပါက စာချုပ်ကို နှုန်းထားအသစ်ဖြင့် တတိယသက်တမ်း ငှားရမ်းမည်ဟု ဆိုသည်။
ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင်လည်း မြေ ၇၆ ဧကကို ၂၅ နှစ် လုပ်ကိုင်ခွင့်ရရှိထားသည့် Natural World ကုမ္ပဏီက ၂၀၀၉ မှစတင်၍ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ပြီး ၂၀၁၆ တွင် ၅ နှစ်သက်တမ်း ဒုတိယအကြိမ် စာချုပ်ကို ခေတ်ကာလပေါက်ဈေးနှင့်အညီ ပြန်လည်ပြင်ဆင်ချုပ်ဆိုမည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်နှင့် မီဒီယာများတွင် ဝေဖန်ခံထားရသည့် မြကျွန်းသာ အပန်းဖြေဥယျာဉ်၌ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီ ၈ ခု ကိုလည်း သတ်မှတ်ပေါက်ဈေးအတိုင်း ပြင်ဆင်ချုပ်ဆိုမှု ပြုလုပ်နေပြီဟု သိရသည်။
ယခင်မြို့တော်ဝန်ဟောင်း လက်ထက်တွင် အဆိုပါအပန်းဖြေဥယျာဉ်ကို လွှဲပြောင်းပေးခဲ့ပြီး ထပ်တိုးအနေဖြင့် ယခင်ကုမ္ပဏီ ၅ ခုသာရှိခဲ့ရာမှ ကုမ္ပဏီ ၈ ခုအထိ တိုးချဲ့စာချုပ်ချုပ်လုပ်ကိုင်ခွင့်ပြုခဲ့ရသည်။
ယခင်မြို့တော်ဝန်လက်ထက်က အပန်းဖြေဧရိယာအဖြစ် လုပ်ဆောင်ရန် ရည်ရွယ်၍ အဆိုပါ အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက ဆက်လက်အကောင်အထည်ဖော်နေပြီး တရားမ၀င်အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု မရှိစေရန် စည်ပင်က ဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
Credit : 7Day News