အရှေ့တောင် အာရှ နိုင်ငံများထဲတွင် စင်ကာပူ နိုင်ငံသည် နိုင်ငံတွင်း လူသားရင်းမြစ်များ ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်သလို၊ ပြည်ပမှ လူသားရင်းမြစ်ကောင်းများ ၀င်ရောက်လာအောင်နှင့် တည်မြဲနေအောင်လည်း အဆွဲဆောင်နိုင်ဆုံး နိုင်ငံဖြစ်ကြောင်း ညွှန်းကိန်းတစ်ရပ်အရ သိရသည်။ ပြီးခဲ့သည့် နှစ်က အရှေ့တောင် အာရှဒေသတွင် ထိပ်ဆုံး ရပ်တည်ခဲ့သော မလေးရှားကို စင်ကာပူက ယခုနှစ်တွင်ကျော် တက်သွားသည်။
နိုင်ငံတကာ စီးပွားရေး သင်တန်းကျောင်း IMD u World Talent Report ညွှန်းကိန်းကို နှစ်စဉ် ထုတ်ပြန်လျက် ရှိသည်။ စင်ကာပူသည် အရှေ့တောင်အာရှတွင် ထိပ်ဆုံး ဖြစ်သော်လည်း ကမ္ဘာ့အဆင့်တွင်မူ အဆင့် (၁၀) ရရှိသည်။
ညွှန်းကိန်းပြုစုရန် အတွက် နိုင်ငံပေါင်း (၆၀) ကျော်မှ လုပ်ငန်း အမှုဆောင် အရာရှိပေါင်း လေးထောင်ကျော်ကို သဘောထား မေးမြန်းထားခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ဖြိုးရေး အားထုတ်မှု၊ လူသားရင်းမြစ်ကောင်းများ ၀င်ရောက် လာချင်အောင် ဆွဲဆောင်နိုင်မှုတို့ ပေါ်လွင်အောင် မေးခွန်းများ မေးမြန်းထားသည်။
မလေးရှားသည် ကမ္ဘာ့အဆင့်တွင် (၁၅) ရရှိသည်။ ပြီးခဲ့သည့် နှစ်က အဆင့် (၅) ထိ ရရှိခဲ့ရာမှ ကျဆင်းသွားခြင်း ဖြစ်သည်။ မလေးရှားသည် ၂၀၀၅ မှ ၂၀၁၄ ကာလအတွင်း စာရင်း ထိပ်ဆုံးပိုင်းတွင် တည်တည်ငြိမ်ငြိမ် ရှိခဲ့သည်ကို တွေ့ရသည်။
စင်ကာပူသည် ၂၀၀၈ ခုနှစ်က ကမ္ဘာ့အဆင့် (၂) ရရှိခဲ့သည်။ ယခုနှစ်တွင် ထိပ်ဆုံး (၁၀) နိုင်ငံစာရင်းထဲ ၀င်နိုင်သည့် အာရှနိုင်ငံဆိုလို့ စင်ကာပူသာ ရှိသည်။ အာရှနိုင်ငံများထဲတွင် ဟောင်ကောင်က အဆင့် (၁၂) ဖြင့် ဒုတိယနေရာတွင် ရပ်တည်သည်။
စင်ကာပူသည် လက်ရှိတွင် လူသားရင်းမြစ်ကောင်းများ ပေါကြွယ်စွာ ရှိနေသည့်တိုင် ရင်းနှီးမြှပ်နှံမှုနှင့်ဖွံ့ဖြိုးရေးပိုင်းများတွင် နှေးကွေးနေပြီး နေထိုင်မှု ကုန်ကျစရိတ်များက မြင့်တက် လာနေသောကြောင့် အနာဂတ်တွင် လူသားရင်းမြစ် ပမာဏ အနည်းငယ် လျော့သွားနိုင်သည်ဟု World Talent Report က ထောက်ပြထားသည်။
World Talent Report ၏ တစ်ကမ္ဘာလုံး အဆင့်တွင် ထိပ်ဆုံး ရပ်တည်သည်ကား ဆွစ်ဇာလန်နိုင်ငံ ဖြစ်သည်။ ဒိန်းမတ်၊ လူဇင်ဘတ်၊ နော်ဝေတို့က ဒုတိယ၊ တတိယ နှင့် စတုတ္ထ ရပ်တည်သည်။
ညွှန်းကိန်းတွင် ပါဝင်သော (၆၁) နိုင်ငံ အနက် အဆင့်အနိမ့်ဆုံးမှာ ဘူဂေးရီးယားနိုင်ငံ ဖြစ်သည်။
Credit: Messenger