ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေးအထူးလုပ်ငန်းအဖွဲ့
သတင်းထုတ်ပြန်ကြေညာချက်
(၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်)
(၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ရက်)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယင်းတို့၏ လိုလားချက်၊ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူလူထု အနေဖြင့် ကျေးရွာမြေအတွင်း နေထိုင်ကြသော်လည်း ပိုင်ဆိုင်မှုအထောက် အထားမရှိသဖြင့် ဥပဒေနှင့်အညီ ခိုင်မာသောအထောက်အထား (Legal Document) ဖြစ်သည့် မြေငှားဂရန်(မြေငှားစာချုပ်)ကို အထောက်အထား ခိုင်မာစွာဖြင့် မြို့ပြဒေသများနည်းတူ ပိုင်ဆိုင်နေထိုင်နိုင်ရန်အတွက် စီမံချက် ချမှတ်၍ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ ၄၁ မှ နည်းဥပဒေ ၄၉(ခ)အထိနှင့် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၇၉(က)မှ နည်းဥပဒေ ၇၉(ဋ)အထိ တို့တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၅ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၅၄/၂ဝ၁၅)ဖြင့် ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်ကြသည့် နေအိမ်ဝိုင်းများကို မြေငှားဂရန်ထုတ်ပေးနိုင် ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဒုတိယ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးတစ်ဦးစီမှ အဖွဲ့ဝင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးများမှ အဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အတွင်းရေးမှူး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်သော ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ အဆိုပါ ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့သည် လုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စု မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့များကို သက်ဆိုင်ရာဌာနအကြီး အကဲများဖြင့် ပါဝင်ဖွဲ့စည်းပြီး မြို့နယ်တစ်မြို့နယ်လျှင် မြေယာမှုခင်း အရှုပ်အထွေးမရှိသော ကျေးရွာတစ်ရွာစီအား ရွေးချယ်၍ ရှေ့ပြေးစမ်းသပ်မှု လုပ်ငန်း (Pilot Project) အနေဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပုံမှန်သမားရိုးကျ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ကျေးရွာသို့ လက်တွေ့ကွင်းဆင်းပြီး ကျေးရွာအိမ်ထောင်စုများက စုပေါင်းလျှောက်ထားစေလျက် ကျေးလက်ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုအသွင်ဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် မြို့နယ် ပေါင်း (၃၃ဝ) မြို့နယ်ရှိသည့်အနက် မြို့နယ် (၂၈၃) မြို့နယ်ရှိ ကျေးရွာ (၂၈၃) ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ လ ၃၁ ရက်နေ့အထိ စုစုပေါင်း မြေငှားဂရန် (၃၂ဝ၅၇) ခုကို ထုတ်ပေးနိုင်ခဲ့သည်။
၎။ ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးခြင်းအားဖြင့် ကျေးလက် နေပြည်သူများအတွက် ဥပဒေနှင့်အညီ ခိုင်မာသောမြေယာပိုင်ဆိုင်မှုများ ရရှိလာမည်ဖြစ်ပြီး လူနေမှုအဆင့်အတန်းလည်း တိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။ ထို့အပြင် ကျေးလက်နှင့် မြို့ပြကွာဟမှုကိုလည်း လျှော့ချနိုင် မည်ဖြစ်ပါသည်။ တစ်ဖက်မှလည်း နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတက်ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ သို့ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း လုံးရှိ ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျေးလက်နေပြည်သူတစ်ဦးတစ်ယောက်ချင်းအနေဖြင့်သော်လည်းကောင်း၊ အိမ်ထောင်စု (၁ဝဝ) (သို့မဟုတ်) ခြံကွက် (၁ဝဝ) တစုတပေါင်းတည်းအနေဖြင့်သော် လည်းကောင်း ကျေးရွာမြေငှားဂရန်ရရှိရေး လျှောက်ထားဆောင်ရွက်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့
Credit: MOI Webportal Myanmar