စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အင်းကျေးရွာ၌ နိုဝင်ဘာလ(၁၆)ရက် နံနက်(၉း၀၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျေးရွာမြေငှားဂရန်ရွာလုံးကျွတ်ပေးခြင်းနှင့် အပေါ့စားမီးသတ်စက် ပေးအပ်ပွဲ ကျင်းပခဲ့သည်။
မြေငှားဂရန် ထုတ်ပေးရေး ခရိုင်လုပ်ငန်းအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဝင်းအောင်က ကျေးရွာမြေငှားဂရမ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာမြေငှားဂရမ်ထုတ်ပေးရေး ခရိုင်လုပ်ငန်းအဖွဲ့ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးအေးကို၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မျိုးဦး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြမွန်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဝင်းအောင်တို့မှ ကျေးရွာ မြေငှားဂရန် (မြေငှားစာချုပ်)နှင့် သက်သေခံမြေပုံများကို ဒေသခံပြည်သူများထံသို့ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအစီအစဉ်မှ အပေါ့စားမီးသတ် စက်အစုံ ကို ကျေးရွာပြည်သူများအား လိုအပ်သည့်နေရာ လိုအပ်သည့်အချိန်တွင် အဆင်ပြေချောမွေ့ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ အပေါ့စားမီးသတ်စက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် အင်းကျေးရွာ ဒေသခံကျေးရွာရပ်မိ/ရပ်ဖတစ်ဦးမှလည်း
“ ကျွန်တော်တို့ကျေးရွာတွေကို မြေငှား ဂရန်တွေပေးလို့ အလွန်ဝမ်းသာမိပါတယ်။ မိမိတို့ပိုင်ဆိုင်တဲ့ကျေးရွာအိမ်ဝင်းမြေကွက်တွေကို ခိုင်မာတဲ့တရားဝင် အထောက်အထားရရှိအောင် မြေငှားဂရန်ထုတ်ပေးတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး အပေါ့စားမီးသတ်စက်မှာ မိမိတို့ကျေးရွာအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်မည်ဖြစ်တဲ့အတွက်ကျေးရွာနေပြည်သူများကိုယ်စားများစွာကျေးဇူးတင်ရှိပါတယ်ဟု” ဒေသခံရပ်မိ/ရပ်ဖတစ်ဦးမှ ပြောကြားခဲ့သည်။
မြေငှားဂရန်များ ကွင်းဆင်းထုတ်ပေးရာတွင် အင်းကျေးရွာရှိ အိမ်ထောင်စု (၁၀၀)ခု၏ မြေကွက်ပေါင်း(၁၀၀) အတွက် မြေငှားဂရန်များ ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar