၂ဝ၁၅ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံ၊ မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များပြုပြင်နိုင်ရန် သီးသန့်လှူဒါန်းထားသည့် အလှူငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုံးဝပျက်စီးသွားသော အိမ်တစ်လုံးလျှင် ကျပ် ၁၅ဝဝဝဝ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော အိမ်တစ်လုံးလျှင် ကျပ် ၂၅ဝဝဝ နှုန်းဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ပေးရာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအား ခွဲဝေထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၁၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့မှာ ရပ်ကွက်(၅)၊ အရွှဲ၊ သဇင်ရေကျော်၊ ကျိန်ချောင်း၊ ကုက္ကိုဝ၊ စက္ကော့တောင်၊ ဗျောသလန်း၊ ဂန်ချောင်း၊ ကတုက္ကမ၊ မဲဇလီဒလ၊ ချောင်းကြီး၊ ဘုရားကုန်း၊ အောက်ဆယ်၊ အင်းမ၊ သပြုရေလယ်၊ ကျုံရစ်၊ စွန်တနီး၊ ဝဲဒေါင့်နှင့် ဆင်ထုံးကျေးရွာအုပ်စု ၁၉အုပ်စု၊ လုံးဝပျက်စီးသွားသော နေအိမ် ၈၁ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော နေအိမ် ၂၈၄ လုံး စုစုပေါင်း ၃၆၅ လုံးတို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်လိုက်သည်။
ယနေ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် ၃၆၅ လုံးအတွက် ခွဲဝေပံ့ပိုးပေးလိုက်သော ငွေပမာဏမှာ ကျပ် ၁၉၂၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar