ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အောင်မြင်ပြည့်စုံဆောက်
လုပ်ရေးကုမ္ပဏီ၊မဟာနဝရတ်မြေမိသားစု ဆောက်လုပ်ရေးကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၁) လမ်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအောင်မြင်စွာဆောက်လုပ်ပြီးစီးပြီဖြစ်၍ မူလနေထိုင်သူ ၂၂၄ ဦးအား အိမ်ခန်းသော့ အပ်နှင်းသည့်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မဟာနဝရတ်မြေမိသားစု ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။
''ဟိုတုန်းက ပြည်တော်သာအိမ်ရာပါ။ တိုက် ခုနစ်လုံးရှိတယ်။ တိုက်ဟောင်းကနေ တိုက်သစ် စီမံကိန်းအရ (၅၁)လမ်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းဆိုပြီး အကောင်အထည်ဖော်ခဲ့တာပါ။ နှစ်နှစ်စီမံကိန်းပါ။ နှစ်နှစ်အတွင်းပြီးသွားလို့ မူလနေထိုင်သူတွေကို ကွန်ဒိုနှစ်ခုပေါင်းရင် အခန်း ပေါင်း ၂၂၄ ခန်းက အခန်းသော့တွေပေးသွားမှာပါ'' ဟု မဟာနဝရတ်မြေမိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။
အသစ်တည်ဆောက်ပြီးစီးသွားသည့် (၅၁) လမ်း ကွန်ဒိုမီနီယံ နှစ်ခုလုံးတွင် အထပ်အားဖြင့် ၁၂ ထပ်ခွဲရှိပြီး အောင်မြင်ပြည့်စုံဆောက်လုပ်ရေး ကုမ္ပဏီမှဆောက်လုပ်သည့် ကွန်ဒိုတွင် အခန်းပေါင်း ၁၉၇ ခန်းပါဝင်ကာ မဟာနဝရတ်မြေမိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှဆောက်လုပ်သည့် ကွန်ဒိုတွင် အခန်းပေါင်း ၁၈၁ ခန်းပါဝင်ကြောင်း၊ မူလ ပိုင်ရှင်များအား ပထမထပ်နှင့် စတုတ္ထထပ်တို့တွင် အခန်းများ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွန်ဒိုများဆောက်လုပ်ရာတွင် အရည်အသွေးပိုင်းနှင့် ကြံ့ခိုင်မှုအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝါရင့်ကျွမ်းကျင်အင်ဂျင်နီယာများပါဝင် သည့် အဖွဲ့မှ စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခဲ့ပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ထားကြောင်း သိရသည်။
''တိုက်ဟောင်းတွေ ဖျက်တုန်းကလည်း ဆောက်လုပ်ရေးကုမ္ပဏီတွေက မူလနေခဲ့တဲ့သူတွေကို အပြင်မှာအိမ်ငှားနေဖို့နဲ့ ပြောင်းရွှေ့ဖို့ စရိတ်ကအစ ပေးခဲ့ပါတယ်။ ဒီကို ပြန်ပြောင်းတော့လည်း လိုအပ်တာကို စီစဉ်ပေးခဲ့ပါတယ်။ အခုလည်း လာနေနေကြပါပြီ။ အခုဟာက အခန်းသော့အပ်တဲ့ အခမ်းအနား လုပ်မှာပါ''ဟု အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေး ကုမ္ပဏီမှ ကိုကောင်းထက်မော်က ပြောသည်။
ရန်ကုန်မြို့တွင် နှစ်နှစ်အတွင်း အောင်မြင် ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် အဆိုပါ (၅၁)လမ်း အိမ်ရာသစ် စီမံကိန်းတွင် အိမ်ရာနေထိုင်သူများ အပန်းဖြေအနားယူရန်အတွက် ဆဋ္ဌမထပ်နှင့် သတ္တမထပ်တို့တွင် ကလေး ကစားကွင်း၊ သီချင်းသီဆိုနိုင်သည့် ကာရာအိုကေခန်း၊ ကော်ဖီဆိုင်၊ ဘိလိယက်ကစားရန် ဘိလိယက် ခုံများ၊ ရုံးခန်းဖွင့်လှစ်သူများအတွက် အစည်းအဝေးခန်းမ၊ ကျန်းမာရေးအတွက် အားကစားလေ့ကျင့် ခန်းမ၊ အနားယူအပန်းဖြေရန် ရေကန်ငယ်များ၊ မျက်မမြင်အနှိပ်ခန်းများလည်းပါဝင်ပြီး ဓာတ်လှေကားများ၊ ကျယ်ဝန်းသော ကားပါကင်များ၊ ကျယ်ဝန်းသော အခန်းဖွဲ့စည်းမှုများအပြင် ရန်ကုန် မြို့၏ အထင်ကရ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေ၊ ကျိုက်ခေါက်နှင့် ရန်ကုန်မြစ်၏ အလှအပများကိုလည်း ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။
Credit: MOI Webportal Myanmar