ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာပါတဲ့ ကန်တော်လေးဆိုတဲ့ ဒေသဟာ မြို့လယ်ဧရိယာနဲ့လည်း နီးလှသလိုတစ်ချိန်ကတော့ ကျေးလက်ဆန်တဲ့မြင်
ကွင်းတွေကြောင့်နားအေးပါးအေးနေချင်ကြသူတွေအတွက် တော်တော်လေးနေလို့ကောင်းတဲ့အရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို နားအေးပါးအေးနေလို့ရတဲ့နေရာဖြစ်တာကြောင့် အဲဒီဒေသမှာ အနုပညာရှင်တော်တော်များများ အခြေချကြတာကိုလည်း သတိထားမိပါတယ်။ ကျွန်တော်ငယ် ငယ်က အဲဒီနေရာကို တော်တော်လေး ခပ်စိပ်စပ်သွားလာခဲ့ဖူးတာကြောင့်လည်း ကျွန်တော်နဲ့သိပ်မစိမ်းလှတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ပြောလို့လည်း ရနိုင်တာပေါ့။
ကျွန်တော်အဲဒီတုန်းကရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ်မှာနေတာပါ။ ကျွန်တော့်မိဘတွေက ပုံနှိပ်လုပ်ငန်းလုပ် တာဆိုတော့ ပန်းချီဆရာတွေ၊ ဒီဇိုင်းဆရာတွေနဲ့လည်း အဆက်အဆံရှိတယ်။ ကျွန်တော်က အသက် ဆယ်နှစ် သားကျော်ကျော်ဆိုတော့ လုပ်ငန်းကိစ္စတွေကို ခိုင်းရစေရတာ သိပ်ခရီးမပေါက်လှသေးဘူး။ ဒါကြောင့် ကျွန်တော်တို့အိမ်မှာ ပုံနှိပ်လုပ်ငန်းလာသင်တဲ့အစ်ကိုကြီးတွေကိုပဲ ပန်းချီဆရာ ဒီဇိုင်းဆရာတွေနဲ့ သွားလာဆက် ဆံဖို့ ခိုင်းတဲ့နေရာမှာ ကျွန်တော့်ကို အဖော်အဖြစ်လိုက်သွားခိုင်းရင်း လုပ်ငန်းအတွေ့အကြုံယူစေခဲ့တယ်။ ကျွန်တော်ကလည်း အဲဒီအစ်ကိုကြီးတွေနဲ့လိုက်သွားရင်း ကျွန်တော်တို့မြို့လယ်မြင်ကွင်းနဲ့မတူတဲ့ နေထိုင်မှု ဓလေ့တွေကို မြို့လယ်နဲ့မနီးမဝေးအရပ်တစ်ခုမှာတွေ့ရတာ သဘောကျနှစ်ခြိုက်သွားတာမို့ အဖေက တော်တော်နဲ့မခိုင်းရင်တောင် မချင့်မရဲနဲ့ ဖင်တကြွကြွဖြစ်နေတာပေါ့။
ပထမဆုံး ကျွန်တော်မှတ်မိတာက အဲဒီရပ်ကွက်မှာနေတဲ့ ကျွန်တော်တို့ဘကြီးလည်းတော်တဲ့ ပန်းချီဆရာကြီး ပါ။ သူကပိုစတာပန်းချီလောကမှာ တော်တော်လေးနာမည်ကြီးတဲ့ ဦးသန်းညွန့်ကြီးဖြစ်ပါတယ်။ သူ့အဆက် အသွယ်နဲ့ပဲ ကျွန်တော့်အဖေလည်း ပန်းချီ၊ ဒီဇိုင်းဆရာတွေနဲ့ အဆက်အဆံရှိလာတာပါ။ ကျွန်တော့်အစ်ကိုဝမ်း ကွဲတစ်ယောက်နဲ့ လိုက်သွားဖူးတဲ့ ပန်းချီဆရာကြီးတစ်ယောက်အိမ်က ပန်းချီဦးဘသစ်ပါ။ ပန်းချီဦးဘသစ်ကို ၀င်းဦးဇာတ်ကားတွေမှာ ဇာတ်ပို့သရုပ်ဆောင်ကြီးအနေနဲ့မြင်ဖူးတွေ့ဖူးထားပေမယ့် အပြင်မှာ သိပ်မတွေ့ဖူးပါ ဘူး။
ကျွန်တော်လိုက်သွားတော့လည်း အစ်ကိုဝမ်းကွဲကသာ အိမ်ထဲဝင်သွားပြီး မင်း အပြင်မှာခဏနေခဲ့ဆိုပြီး ကျွန်တော့်အဖေ ပြောလိုက် ပေးလိုက်တာတွေ ပြော၊ ပေးပြီး ပြန်လာခဲ့တာပါ။ အစ်ကို အိမ်ထဲဝင်သွားတဲ့အချိန် ကျွန်တော်က အိမ်ရှေ့သစ်ပင်ရိပ်မှာကျန်နေခဲ့ပြီး ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုပေါ့။
ကျွန်တော်တို့မြို့လယ်ပိုင်းမှာက တိုက်တာအိမ်ခြေတွေ ပြွတ်သိပ်ကျပ်ညပ်နေပြိး သစ်ပင်ဝါးပင်အာဝါသ မရှိသလောက်နည်းလှပါတယ်။
ကန်တော်လေးမှာက သစ်ပင်ဝါးပင်ရိပ် စိမ်းစိမ်းစိုစိုညို့ညို့မှိုင်းမှိုင်းနဲ့ အေးချမ်း တဲ့ အသွင်အပြင်ကို ဆောင်နေတာက ကျွန်တော့်အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နေတဲ့ ပန်းဘဲတန်းမြို့နယ်ကနေ အရှေ့ဘက်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း လျှောက်၊ ပန်းဆုံးတန်းခုံး တံတားကို ကျော်လိုက်တာနဲ့ ရန်ကုန်ဘူတာကြီးစင်္ကြံကိုရောက်၊ အဲဒီကနေ စင်္ကြံအတိုင်းဆက်လျှောက်သွား တာနဲ့ ဟိုဘက်လည်းရောက်ရော ကန်တော်လေးနယ်မြေပါပဲ။ ဒီလို လမ်းလျှောက်သွားရင်တောင် ရောက်သွား နိုင်လောက်အောင် နီးကပ်လှတဲ့ ကန်တော်လေးရဲ့ ဒေသမြင်ကွင်းကတော့ ရန်ကုန်မြို့လယ်က ပြွတ်သိပ်ကျပ်ညပ် မွန်းကျပ်မှုတွေနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းပါပဲ။
ကျွန်တော် အရွယ်ရောက်လာလို့ ပန်းချီဆရာ၊ ဒီဇိုင်းဆရာတွေဆီကို ကိုယ်တိုင်သွားရတော့လည်း ဒီလမ်း ကြောင်းအတိုင်းပါပဲ။ ဒီဇိုင်းကိုနီတွတ်တို့၊ ပန်းချီကျော်ကျော်ဝင်းတို့၊ ပန်းချီကိုကျော်ညွှန့်တို့ဆိုတာ ကျွန်တော် သွားလာဆက်ဆံနေရတဲ့ ပန်းချီဆရာ၊ ဒီဇိုင်းဆရာ အသိုင်းအ၀ိုင်းပါပဲ။ သူတို့ဆီသွားရင်းသွားရင်း ထောင့်ကိုးရာ ကိုးဆယ်နောက်ပိုင်းကျတော့ ပြောင်းလဲလာတဲ့အခင်းအကျင်းတွေ တွေ့လာရတယ်။ ပထမပိုင်းတော့ အဲဒီ ဒေသက သွပ်မိုးပျဉ်ထောင်အိမ်တွေနေရာမှာ နှစ်ထပ်ကန်ထရိုက်တိုက်တွေ တွေ့လာရတယ်။
နောက်ပိုင်း လေးထပ်ကန်ထရိုက်တိုက်တွေ တွေ့ရာကနေ ထောင့်ကိုးရာကိုးဆယ်ပြည့်လွန်နှစ်တွေကျတော့ ရှစ်ထပ်တိုက် ခုနစ်ထပ်တိုက်တွေအပြိုင်းအရိုင်းဖြစ်လာတာ တွေ့လာရတယ်။ လူနေကလည်း အရင်တုန်းကထက် ပိုထူထပ်၊ ပိုသိပ်သည်းပြီး ပိုရှုပ်၊ ပိုကျပ်လာတယ်။ ကျွန်တော်ရင်ခုန်ခဲ့ရတဲ့ တစ်ချိန်တုန်းကကန်တော်လေးရဲ့ ချမ်းအေး ဆိတ်ငြိမ်မှုတွေ တစ်စတစ်စ ပါးလျားပွန်းပဲ့လာတာ ကျွန်တော်သွားရင်းလာရင်းနဲ့ပဲ သတိမပြုမိဘဲမနေနိုင် အောင် ဖြစ်လာခဲ့ရတယ်။
ဒါပေမဲ့ကန်တော်လေးက နေလို့ကောင်းတုန်းပါပဲ။ ထောင့်ကိုးရာကိုးဆယ့်ငါးလောက်မှာ အကြောင်းကိစ္စတစ်စုံ တစ်ရာကြောင့်ကန်တော်လေးမှာသွားပြီးနေဖို့ ဖြစ်လာခဲ့
တယ်။ ဒီတော့ ကန်တော်လေးအကြောင်း ပိုပြီးထဲထဲ ၀င်ဝင် သိလာ၊ ခံစားလာရတယ်။ အဲဒီအချိန်တုန်းကတောင် ရှစ်ထပ်တိုက်တွေ တော်တော်များနေပြီ။ ကန်ထရိုက်တိုက်မြင့်ကြီးမဆောက်ရသေးတဲ့ ပျဉ်ထောင်သွပ်မိုးအိမ်တွေ နည်းပေမယ့် ရှိတော့ရှိနေသေးတယ်။ ကျွန်တော် သွားနေကျ ကိုနီတွတ်ရဲ့အိမ်ကလေးဆိုရင် အဲဒီတုန်းက သုံးပင်နှစ်ခန်း ပျဉ်ထောင်အိမ်လေးပေါ့။
ဖိနပ်ချွတ်ဘေးကပ်လျက် ခေါင်းရင်းတစ်ပိုင်းအိမ်ရှေ့ခန်းကို ကိုနီတွတ်က သူ့အလုပ်စားပွဲ အပြည့်ချပြီး နေရာယူ ထားတယ်။ ကော်ဘူး၊ ပေတံ၊ ခဲတံမျိုးစုံ၊ ဆော့ဖ်ပင်မျိုးစုံ၊ စုတ်တံ၊ ဆေးဘူး၊ ဓား၊ ကတ်ကြေး အစရှိတဲ့ ဒီဇိုင်း သမားတစ်ယောက်ရဲ့ အဆောက်အဦတွေကလည်း သူ့ဧရာမဒီဇိုင်းစားပွဲကြီးမှာ စနစ်တကျပွရှုပ်လို့။ သူ ဒီဇိုင်း ဆွဲနေတာကိုထိုင်ကြည့်ရင်းအိမ်ရှေ့သစ်ပင်ကြားထဲက ဖြာကျလာတဲ့ နေရောင်ခြည်တို့၊ မိုးစက်တို့ကို လှမ်းမြင် ခံစားရတာ တကယ့်ကို ဆွတ်ပျံ့စရာပါ။
နှစ်နှစ်လောက်နေတော့ ကျွန်တော်လည်း ကန်တော်လေးနဲ့အဆက်ပြတ်သွားတယ်။ အဲဒီနောက်ပိုင်း လွန်ခဲ့တဲ့ လေးနှစ်လောက်က ကိစ္စရှိလို့ ကိုနီတွတ်ဆီသွားတော့ သူ့အိမ်ကြီးလည်း မလွန်ဆန်နိုင်တဲ့ ခေတ်ရဲ့တောင်းဆိုမှု ကြောင့် ရှစ်ထပ်တိုက်ကြီး အသွင်ပြောင်းသွား။ လက်နဲ့ဆွဲတဲ့ဒီဇိုင်းပစ္စည်းအဆောက်အဦတွေအစား ကွန်ပျုတာ ကြီးတစ်လုံးက ခံ့ခံ့ထည်ထည်။ တစ်ချိန်က ကျွန်တော်ရင်ခုန်ခဲ့ရတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်တာဝန်းကျင်ကလည်း ပျက်ယွင်းခဲ့။
ကျွန်တော်ထင်ပါတယ်။ ခုဆိုရင် ကန်တော်လေးမှာ အရင်ရှိခဲ့ဖူးတဲ့ သွပ်မိုးပျဉ်ထောင်အိမ်လေးတွေ လက်ချိုးရေ ရလောက်အောင် ရှားပါးနေလောက်ပြီ။ ကျွန်တော်ရင်ခုန်ခဲ့ရတဲ့ ဒေသ၀န်းကျင်တစ်ခု ပျောက်ဆုံးသွားခဲ့ပြီ။ တစ်ခါတလေ ဆရာမောင်စူးစမ်းဆီကိုသွားရင်း ကန်တော်လေးရဲ့အငွေ့အသက်တွေကို ရနိုင်သလောက် ရှာဖွေ ကြည့်မိတယ်။
မွန်းကျပ်ခြင်း၊ တက်သုတ်ရိုက်ခြင်း၊ လူနေထူထပ်ခြင်း၊တစ်ယောက်နဲ့တစ်ယောက်
ရှောင်နေရ ခြင်း စတဲ့ ဖွံ့ဖြိုးလာတဲ့မြို့ပြမြင်ကွင်းတွေကြား ကျွန်တော့်ခံစားမှုတွေ ရင်ခုန်သံပျောက်ကွယ်ခဲ့ရတယ်။ မြို့ပြနဲ့ မနီးမဝေးမှာရှိပြီး ကျေးလက်ဆန်တဲ့ဒေသလေးကနေ မြို့ပြစစ်စစ်ပုံသဏာန် အပြည့်အ၀ထပ်တူပြုနိုင်ခဲ့တဲ့ အဲဒီ နောက်တိုးမြို့ပြဒေသလေးကတော့ တိုးပွားသိပ်သည်းလာတဲ့ လူနေထူထပ်မှုနဲ့အတူ ပန်းဆိုးတန်း ခုံးကျော် တံတားကြီးကိုကျော်လို့ ရန်ကုန်မြို့ပြကို စိန်ခေါ်တဲ့အကြည့်နဲ့ ကြည့်နေလေရဲ့။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com