ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန် အနီးရှိ မြေကွက်များကို လုပ်ငန်းရှင်များ ဈေးကြီးပေး ဝယ်ယူနေခြင်းကြောင့် ယခုနှစ်ပတ်အတွင်း ယမန်နှစ်က ဈေးထက် သုံးဆခန့် မြင့်တက်လာသည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။ “ကားလမ်းမဘေးက အိမ်ခြံမြေတွေဆိုရင် လုံးဝ မရောင်းတော့ဘူး။ ဝယ်တဲ့လူတွေကလဲ အရမ်း များလာတယ်။ ပုံမှန်ဈေးထက် ပိုပေးပြီး ဝယ်နေကြတာ” ဟု ဦးဆလိုင်းက ပြောသည်။ လှိုင်သာယာ စက်မှုဇုန်အနီးရှိ တစ်ဧကပေါက် ဈေးမှာ ယမန်နှစ်က ကျပ် သိန်း ၅၀၀ ဝန်းကျင်ခန့် ရှိခဲ့ရာမှ ယခုနှစ်ပတ်အတွင်း တစ်ဧက ကျပ်သိန်း ၃၀၀၀ ဝန်းကျင်အထိ ဈေးခေါ်လာကြောင်း ယင်းက ဆက်ပြောသည်။ မြေဈေးနှုန်း မြင့်တက်လာသဖြင့် ၎င်းတို့ အကျိုးဆောင် လုပ်ငန်းအနေဖြင့် ယခုနှစ်ပတ်အတွင်း လှိုင်သာယာစက်မှုဇုန် (၁)၊ (၂)၊ (၃) အနီးရှိ မြေကွက် အချို့သာ အရောင်းအဝယ် ဖြစ်သော်လည်း ရွှေလင်ပန်း စက်မှုဇုန်ဘက်ခြမ်းတွင် ဈေးနှုန်း စုံစမ်းခြင်းသာ ရှိသည်ဟု ဆိုသည်။
“လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အစိုးရက ရွှေလင်ပန်း စက်မှုဇုန် စတင် တည်ထောင်တော့ တစ်ဧက ကျပ်သိန်း ၁၂၀ ပဲ ပေါက်တယ်။ မြို့နဲ့ဝေးတော့ ဘယ်သူမှ မဝယ်ချင်ကြဘူး။ နောက်တော့ တဖြည်းဖြည်း ဖွံ့ဖြိုးလာတော့ ဝယ်ယူလိုသူတွေ ရှိလာတယ်။ ဝယ်လိုအားများတော့ ရောင်းလိုအား တက်လာတာပေါ့။ မနှစ်ကဆို ဈေးက တစ်ဧကကို သိန်း ၉၀၀ ဝန်းကျင်၊ ၁၀၀၀ ဝန်းကျင်မှာပဲ ရှိတယ်။ အခုဆိုရင် သိန်း ၂၀၀၀ ကျော် ဝန်းကျင်အထိ ပေါက်လာတယ်။ လမ်းပန်းဆက်သွယ်ရေးက အစ နေရာတွေကပါ တိုးတက်လာတော့ အဲဒီလို ဖြစ်လာတာပါ” ဟု ရွှေလင်ပန်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ဆိုသည်။ လှိုင်သာယာ စက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန်အနီးတွင် စီးပွားရေး စီမံကိန်းများ တည်ထောင်မည်ဟု မေလအတွင်းက အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက် စီးပွားရေး လုပ်ငန်းရှင်များက ဝယ်ယူရန် စိတ်ဝင်စားလာကြခြင်း ဖြစ်ကြောင်း သိရသည်။ “ရင်းနှီးမြှုပ်နှံမှု အများဆုံးကတော့ စက်မှုဇုန်တွေဖြစ်လို့ တစ်နှစ်ထက်တစ်နှစ် စီးပွားရေး ပွင့်လင်းလာမှုနဲ့အတူ ရင်းနှီးမြှုပ်နှံလိုသူတွေက ဝင်ရောက်လာမှာပဲ။ အဲဒီတော့ မြို့တွင်း ခြောက်မြို့နယ်က အိမ်ခြံမြေဈေးဟာ စီးပွားရေး လုပ်ငန်းတွေ ရှိတဲ့နေရာက ဈေးတွေနဲ့ယှဉ်ရင် သိသိသာသာကို လျော့နည်းလာတယ်။ အခုလဲ လှိုင်သာယာ စက်မှုဇုန်နဲ့ မင်္ဂလာဒုံ စက်မှုဇုန်က အိမ်ခြံမြေဈေးတွေ ထိုးတက်လာတာပါ။ စက်ရုံသစ် ဆောက်လုပ်ဖို့အတွက်ပဲ ဝယ်ယူကြတယ်” ဟု ဖွံ့ဖြိုးရေး အိမ်ခြံမြေ အကျိုးဆောင် ဦးဉာဏ်ထွန်းက ပြောသည်။
လက်ရှိတွင်လည်း တရုတ်ကုမ္ပဏီ နှစ်ခုက လှိုင်သာယာမြို့နယ်ရှိ ရွှေသံလွင် စက်မှုဇုန်နှင့် လှိုင်သာယာ စက်မှုဇုန် (၁) တို့တွင် အထည်ချုပ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်းအပြင် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများဖြစ်သည့် Kamte Limited, Richest Time Limited, Sinobest Brothers Ltd နှင့် Archid Garment Factory Limited တို့မှလည်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း၊ လက်ပတ်နာရီ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ ရင်ထိုးတံဆိပ်၊ အလှဆင်ပစ္စည်း၊ သော့ချိတ်၊ ဆုတံဆိပ်၊ စားပွဲတင်ပစ္စည်း စသည့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အထည်ချုပ် လုပ်ငန်းနှင့် ဆက်စပ်သည့် ပန်းထိုးနှင့် ပန်းရိုက် လုပ်ငန်းများကို မင်္ဂလာဒုံ စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တို့တွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။
Credit: Flower News Journal