ပြည်တွင်း အခွန်များဦးစီးဌာနက အိမ်ခြံမြေ အခွန်ဆောင်ရာတွင် ဈေးနှုန်းများ တစ်ပြေးညီဖြစ်စေရေးအတွက် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များ၏ လမ်းအလိုက် တစ်ပေပတ်လည် မြေစံနှုန်းများကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် တရားဝင် ကြေညာသတ်မှတ်ခဲ့ရာ ယခုအခါတွင် ရန်ကုန်မြို့၏ ပြောင်းလဲလျက်ရှိသည့် အိမ်ခြံမြေ ဈေးနှုန်းများနှင့် ကိုက်ညီစေရန်အတွက် အသစ်ပြန်လည် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။ “ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းက ပြောင်းလဲနေတဲ့အတွက် လက်ရှိပြောင်းလဲနေတဲ့ ဈေးနှုန်းတွေပေါ်မှာ အခွန်ကောက်ခံနိုင်ဖို့ အတွက် ပြန်လည်ပြင်ဆင်ခဲ့တာပါ။ ရန်ကုန်မြို့မှာ အိမ်ဈေး၊ မြေဈေးတွေက ဈေးနှုန်းမြင့်တက်သွားတာတွေ ရှိသလို ကျသွားတာတွေလဲ ရှိနေပါတယ်။ ဈေးကွက်ထဲမှာ အခုလက်ရှိပြောင်းလဲနေတဲ့ ဈေးနှုန်းတွေနဲ့ ကိုက်ညီအောင် တစ်ပေပတ်လည် စံနှုန်းတွေကို ပြန်လည်ပြင်ဆင်ခဲ့တာပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဌာနမှူးဦးကျော်ကျော်က မြန်မာတိုင်း (မ်) ကို ပြောသည်။
အဆိုပါဌာနက လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းများနှင့် ယခုစံနှုန်းသတ်မှတ် ကောက်ခံလျက်ရှိသည့် ဈေးနှုန်းများကို နှိုင်းယှဉ်ကာ ပြန်လည်ပြင်ဆင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းကပြောသည်။ “ကျွန်တော်တို့ စံနှုန်းအသစ်တွေကို ပြန်လည် ပြင်ဆင်ပြီးပါပြီ။ လက်ရှိဈေးကွက်ထဲက ပေါက်ဈေးတွေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီး လျှော့သင့်တာလျှော့၊ တိုးသင့်တာတိုး၊ပြောင်းလဲဖို့ မလိုတာတွေကိုလည်း ဒီအတိုင်းထားပြီး ပြန်ပြင်ဆင် သတ်မှတ် ထားတာတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကတစ်ဆင့် ပြည်ထောင်စုအစိုးရကို ဆက်ပြီး တင်ပြပါမယ်။ ပြည်ထောင်စုအစိုးရက အတည်ပြုပြီးရင်တော့ ပြည်သူတွေကို တရားဝင် ကြေညာသွားမှာပါ” ဟု ဦးကျော်ကျော်က ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သတ်မှတ်ခဲ့သည့် တစ်ပေပတ်လည် မြေစံနှုန်းများသည် ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း အမှန်တကယ် ဖြစ်ပေါ်နေသည့် တစ်ပေပတ်လည် ဈေးနှုန်းများထက် များစွာ လျော့နည်းလျက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ထားသည့် အခွန်နှုန်းထားများတွင် ဥပမာအားဖြင့် မြို့လယ်ကောင်နေရာဖြစ်သော လမ်းမတော်၊ ပန်းဘဲတန်း၊ လသာမြို့နယ်တို့ရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်ချုပ်လမ်းတို့ရှိ အိမ်ခြံမြေများကို အရောင်းအဝယ်ပြုလုပ်ပါက အခွန်ဆောင်ရန် သတ်မှတ်ထားသည့် တစ်ပေပတ်လည်မြေစံနှုန်းမှာ ကျပ် ၂၄၀,၀၀၀ ခန့်ဖြစ်သည်။ သို့သော် လက်ရှိ အဆိုပါနေရာများ၏ အိမ်ခြံမြေ ဈေးနှုန်းပေါက်ဈေးမှာ ပျမ်းမျှအားဖြင့် တစ်ပေပတ်လည်လျှင် ကျပ် ၇၀၀,၀၀၀ ခန့်ဖြစ်ပေါ်လျက် ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
“အခွန်ဦးစီးဌာနက အခွန်ဆောင်ဖို့အတွက် မြေစံနှုန်းတွေကို လက်ရှိပေါက်ဈေးတွေနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်နေမယ် ဆိုတော့ တချို့စံနှုန်းတွေလည်း များလာနိုင်ပါတယ်။ လက်ရှိလျော့နည်းနေတဲ့ ဈေးနှုန်းမှာတောင် အခွန်ဆောင်သူတွေက နည်းပါးတာ စံနှုန်းက ပိုပြီးမြင့်မယ်ဆိုရင်တော့ အခွန်ဆောင်တဲ့သူတွေ ပိုနည်းလာမှာကို စိုးရိမ်ရပါတယ်” ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။ ပြည်တွင်း အခွန်ဦးစီးဌာနက အိမ်ခြံမြေအခွန်ပေးဆောင်နိုင်ရန် ယခုကဲ့သို့ တစ်ပေပတ်လည် မြေစံနှုန်းများကို သတ်မှတ်ပေးခြင်းသည် အခွန်ဆောင်ရာတွင် တပြေးညီတည်း ဖြစ်ပေါ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများကို ကန့်သတ်ထိန်းချုပ်မှုများ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ဌာနမှူး ဦးကျော်ကျော်က ပြောသည်။
Credit : MM Times