နိုင်ငံတော် အစိုးရက ၀င်ငွေနည်းပြည်သူများ၊ ပင်စင်စားများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် အိမ်ရာ မရှိသူများကို အိမ်ရာ ပိုင်ဆိုင်နိုင်ရန်အတွက် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် နှစ် (၃၀) အရစ်ကျ စီမံကိန်းဖြင့် တန်ဖိုးနည်းအိမ်ရာ များကို တည်ဆောက်ပေးမည်ဟု လွန်ခဲ့သော ၂၀၁၁ ခုနှစ်က ထုတ်ပြန် ကြေညာခဲ့သည်။ လက်ရှိကာလတွင် အစိုးရ သက်တမ်း (၅) နှစ်ပြည့်ရန် လ(၂၀)ခန့်သာကျန်ရှိတော့သော်လည်း ပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။
သို့သော် ဇူလိုင်လ (၂၂) ရက်နေ့ ဒသမ ပုံမှန်အစည်းအဝေးတွင် ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးစိုးတင့်မှ တန်ဖိုးနည်း တိုက်ခန်းတွေကို ကျပ် သိန်း (၁၀၀) အောက်ရောက်ရှိစေရန် ဆောက်လုပ်ရေး လုပ်ငန်းများအား စိုက်ထုတ် ကုန်ကျခံ ဆောင်ရွက်ပေးနိုင်ရန် အတွက် ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားသည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားမှုသည် ပြည်သူများအတွက် ထပ်မံမျှော်လင့်စရာ တစ်ခုဖြစ်ခဲ့သည်။
ရန်ကုန်မြို့ကို ရောက်တာ (၂၅)နှစ် လောက်ရှိပြီး၊ လက်ရှိအချိန်ထိ အိမ်မပိုင်ဆိုင်သေးဘူး။ ရတဲ့ ပိုက်ဆံနဲ့လည်း အိမ် မ၀ယ်နိုင်ဘူး။ ၀ယ်မယ်လို့ စဉ်စားလိုက် ဈေးတွေက တက်လိုက်နဲ့ ဒီအချိန်ထိ အိမ်ငှားဘ၀နဲ့ နေနေရတယ် ဟု လှိုင်သာယာမြို့တွင် နေထိုင်ပြီး မီးခွက်ဈေးတွင် ကုန်ခြောက်ရောင်းချ နေသူ ဦးဝင်းက ပြောသည်။
၂၀၀၈ ခုနှစ် နာဂစ် ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် ရန်ကုန်မြို့၏ လူဦးရေမှာ ပိုမိုထူထပ်လာပြီး၊ ၂၀၁၄ ခုနှစ် ယာယီ သန်းခေါင် စာရင်းအရ (၈) သန်းနီးပါး အထိ တိုးတက်လာခဲ့သည်။ အိမ်ရာ လိုအပ်ချက်ကြီးမြင့်လာပြီး အိမ်ဈေးမြေဈေးများ အဆမတန်မြင့်မားလာခြင်းကြောင့် ကျူးကျော်နေထိုင်မှု များလည်း များပြားလာသည်ကို တွေ့ရသည်။
လက်ရှိ အိမ်ငှားရမ်းမှုမတတ်နိုင်ခြင်းကြောင့် ကျူးကျော် နေထိုင်ရာမှ အစိုးရနှင့် ကျူးကျော်နေထိုင်သူများကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အစိုးရ မှလည်း ခေတ်အဆက်ဆက် ကျူးကျော်များကို နေရာချထားပေးရန်အတွက် ၁၉၅၈ ခုနှစ်တွင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ မြို့သစ် သုံးခုကို ဖော်ထုတ်ပေးခဲ့ပြီး၊ ၁၉၆၇ ခုနှစ်တွင် သုဝဏ္ဏမြို့သစ်ကို လည်းကောင်း ၁၉၈၉ ခုနှစ်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်၊ ရွှေပေါက်ကံ၊ ဝေဘာဂီအစရှိသော မြို့သစ်များကို ထုတ်ဖော်ခဲ့သည်။
လက်ရှိ အစိုးရမှ ဖော်ဆောင်နေသော တန်ဖိုးမျှတ အိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာများမှာ ၀င်ငွေနည်း ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ အတွက်ဟုဆို သော်လည်း သတ်မှတ်ထားသော ဈေးနှုန်းမှာ ကျပ်သိန်း(၁၅၀) ကျော် (၂၀၀) နီးပါးကျသင့်မည် ဖြစ်သည်။ ထို့ပြင် စီမံကိန်းများကို နောက်လာမည့် ၂၀၁၆ ခုနှစ်တွင် ပြီးစီးမည်ဟု ကြေညာထားသည့် အတွက် ယင်းအချိန်တွင် ဖြစ်ပေါ်နေမည့် ငွေကြေး ဖောင်းပွမှုမြင့်တက်လာမည့် ကုန်စည်ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိ မရှိမှာ စဉ်းစားစရာဖြစ်သည်။
၂၀၀၀ ပြည့်နှစ်ကစပြီး နေထိုင်ခဲ့တာ တော်တော်ကောင်းတယ်။ အိမ်ရာကဝေးတာ တစ်ခုပဲပေါ့။ ဈေးလည်း အရမ်းသက်သာတယ်။ ဒါပေမဲ့ ခိုင်ခံ့မှု ကတော့ လုံးဝ မရှိဘူး။ ပြီးတော့ အိမ်ရာအာမခံချက်လည်း မရှိပါဘူး ဟု ယုဇနဥယျာဉ် မြို့တော်တွင် (၁၄) နှစ်ကြာ နေထိုင်သူ စာရင်းစစ် အငြိမ်းစား ၀န်ထမ်း ဒေါ်မီမီက ပြောသည်။ တန်ဖိုးနည်း အိမ်ရာဖြစ်သည့်အလျှောက် ဆယ်စုနှစ် တစ်ခုကြာမြင့်လာသည့်အချိန်တွင် လူဦးရေထူထပ် လာသည်နှင့် အမျှ တိုက်ခန်းများတွင် ကွဲ အက်မှုများ၊ လူဦးရေထူထပ်လာသည့်နှင့်အမျှ ရေပေးဝေစနစ်ပျက်ယွင်းမှုများ၊ အမှိုက်သိမ်းစနစ် ညံ့ဖျင်းမှုကြောင့် မြောင်းရေ လျှံမှုများ၊ မိလ္လာကန်များ ပျက်စီးခြင်းများကို ကြုံတွေ့ လာရကြောင်း ၎င်းက ထပ်မံပြောသည်။
တစ်ပေပတ်လည်ကို အလုပ်သမားစရိတ်၊ မြေစရိတ်မပါဘဲနဲ့ ကျပ်နှစ်သောင်း ကုန်ကျတယ်။ မိသားစုတစ်စုနေဖို့အတွက် ဆိုရင် ကျပ်သိန်း (၁၂၀)လောက် ကုန်ကျမယ်။ အစိုးရက တကယ် အရှုံးခံမယ် ဆိုရင်တော့ ဖြစ်သွားမှာပါ။ လမ်းတို့ ရေမြောင်းတို့ကတော့ သေချာစစ်ဆေးရမှာပေါ့ ဟု Parent Home ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးကျော်ဇံဝင်းက ပြောသည်။
တန်ဖိုးနည်း အိမ်ရာတည်ဆောက်ပြီး ဖြစ်ပါက အမှန်တကယ် ပြည်သူလက်ထဲ ရောက်ရှိရေး၊ ပြည်သူများက အခြားငွေကြေး များစွာပေး နိုင်သူသို့ လက်လွဲ ရောင်းချမှု မရှိစေရေး၊ စီမံကိန်းအတွင်းရှိရေ၊ မီး၊ မိလ္လာစနစ်၊ ရေမြောင်းစနစ်ကို အသေအချာ ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာများက ပြောသည်။
တကယ်တမ်း လုပ်မယ်ဆိုရင် (၄၄) သိန်းနဲ့တောင် တန်ဖိုးနည်းအိမ်ရာ ဆောက်နိုင်တယ်လို့ ပြောထားပြီးသားပါ။ အခု ဆင်ခြေဖုံး ရပ်ကွက် တွေမှာ နေတဲ့သူတွေဆိုရင် (၁၀)ပေ၊ ပေ(၂၀)မှာနေကြတော့ အဲလောက်ဆိုရင် နေလို့ရပြီ။ ဂျပန်တို့ ထိုင်းတို့မှာ ဆိုရင် ဆင်းရဲတဲ့ သူတွေက (၁၀)ပေ၊ (၁၅)ပေပဲ နေကြတာ ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေး က ပြောသည်။
မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြန်မာနိုင်ငံအနှံ့အပြားတွင် အိမ်ခန်းပေါင်း တစ်သန်းတည်ဆောက်နိုင်ရေးကို နှစ်နှစ်ဆယ်စီမံကိန်းဖြင့် ၂၀၁၁ မှ စတင်ကာ၂၀၃၀ ခုနှစ်တွင် အိမ်ခန်းပေါင်းတစ်သန်းအပြီး တည် ဆောက်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လည်း ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ်၊ဗိုလ်ဗထူးလမ်းတွင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင်လမ်းတွင် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်း၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းတွင် ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မင်းရဲ ကျော်စွာလမ်းတွင် မင်းရဲကျော်စွာအိမ်ရာ စီမံကိန်းတို့ကို ၂၀၁၅ -၂၀၁၆ ခုနှစ်အပြီး တည် ဆောက်ရန် လျာထားပြီး နှစ်(၂၀)၊နှစ် (၃၀) အရစ်ကျ စနစ်ဖြင့် ပေးချေရမည်ဖြစ် သည်။
အဆိုပါ အရစ်ကျစနစ်ဖြင့် ပေးချေရာတွင် ရှေးဦးစွာတိုက်ခန်း တန်ဖိုးစုစုပေါင်း၏ (၁၀) ရာခိုင်နှုန်းကို ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် ထိုသို့ (၁၀) ရာခိုင်နှုန်းကို ပေးချေ၍ အိမ်ဝယ်နိုင်သည့် ပြည်သူမည်မျှရှိမည်ကိုလည်း အစိုးရအနေဖြင့် လေ့လာဆန်းစစ်သင့်သည်။ ယခင်အစိုးရ အဆက်ဆက်တွင် တန် ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးမှုများ ရှိခဲ့သည်။ သို့သော် လက်သိပ် ထိုးရောင်းချမှုများကြောင့် အမှန်တကယ် အိမ်ရာမရှိသူများထံ မရောက်ရှိမှုများလည်း ရှိသည်။
အစိုးရအနေဖြင့် ၀င်ငွေနည်းပြည်သူ များကို တန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးရာတွင် ထိုကဲ့သို့ လက်သိပ်ထိုးရောင်းချမှုများ မဖြစ်ပွားရန်၊ တစ်ဖန်ပြန်လည်ရောင်းချနိုင် ခြင်း မပြုလုပ်ရန်၊ နှစ်ရှည်နေထိုင်မည့် ခိုင်ခံ့သည့် အိမ်ရာဖြစ်စေရန် ဆောင်ရွက်ပေးသင့်သည်။တန်ဖိုးနည်းအိမ်ရာများသည် အခြေခံ ပြည်သူများအတွက် ရည်ရွယ်သည်ဆိုသော်လည်း တစ်နေ့လုပ် တစ်နေ့စားများပင် မဆိုထားနှင့်အလယ်လတ်တန်းစားများအတွက်ပင် မမီသည့် အခြေအနေတွင်ရှိနေသေး သည်။ အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများ ၀ယ်နိုင်သည်ထား တိုက်ခန်းများ၏ ကြံ့ခိုင်မှု မှာ တန်ဖိုးနည်းဟူသည့် စကားလုံး ထက်ပင် နည်းနေသေးသည်။ တိုက်ခန်းများကို ၀ယ်ယူကြသူများမှာ ၎င်း တို့၏ သားမြေများအတွက် ရည်ရွယ်၍ ၀ယ်ယူကြသည်လည်း ဖြစ်နိုင်သည်။ ၎င်းတို့ ခေါင်းမချခင်မှာပင် တိုက်ခန်းများ၏ ကြံ့ခိုင်မှုက ဆိုးဝါးလာသည်။ ထို့ကြောင့် တန်ဖိုးနည်းအိမ်ရာသည် ပြည်သူများ လက်လှမ်းမီရုံသာမက ကြံ့ခိုင် မှုအတွက်လည်း အာမခံနိုင်မှုရှိရမည်ဖြစ်သည်။
Credit: The Messenger