ပုဂ္ဂလိကမှ ဆောက်လုပ်ရောင်းချသည့် တန်ဖိုးမျှတ အိမ်ရာများ ၀ယ်ယူသူများအနေဖြင့် ပထမအရစ်ကို (၁၀) ရာခိုင်နှုန်းသာ ပေးသွင်းရမည် ဖြစ်ကြောင်း Three Friends Construction မှ သိရသည်။
ယခင်တန်ဖိုးမျှတအိမ်ရာ ၀ယ်ယူသူများ ငွေပေးသွင်းရာတွင် ပထမအရစ်ကို (၃၀) ရာခိုင်နှုန်း ပေးသွင်းရမည်ဟု သတ်မှတ်ထား သော်လည်း ယခုအခါ ၀ယ်ယူသူများ အခက်အခဲ မရှိစေရန် (၁၀) ရာခိုင်နှုန်းသာ ပေးသွင်းရန် ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဓိက ကတော့ အိမ်ရာမရှိသေးတဲ့ သူတွေကို အိမ်ရာပိုင်ဆိုင်ဖို့ အတွက်ပါ။ (၃၀) ရာခိုင်နှုန်း ၀ယ်ယူရင် အဆင်မပြေတဲ့ သူတွေရှိနိုင်တဲ့ အတွက် အားလုံး အဆင်ပြေဖို့ အတွက် (၁၀) ရာခိုင်နှုန်းပဲ ပေးသွင်းခိုင်တာ ဖြစ်တယ် ဟု Three Friends Construction မှ ဒါရိုက်တာ ဦးကိုကိုလေးက The Messenger Media သို့ ပြောသည်။
ပုဂ္ဂလိကမှ ရောင်းချသည့် အခန်းတန်ဖိုးမှာ ကျပ်သိန်း (၂၀၀) ကျော်မှ ကျပ်သိန်း (၅၀၀)ကျော်ထိရှိပြီး၊ အရစ်ကျပေးသွင်းရာတွင် လပေါင်း (၃၀)အတွင်း အကြေ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ အရစ်ကျ စနစ်ဖြင့် ရောင်းချမည့် အင်းဝ တန်ဖိုးမျှတ အိမ်ရာသည် တောင်ဒဂုံ (၆၆) ရပ်ကွက်နှင့် မြောက်ဒဂုံမြို့နယ်(၂၉)ရပ်ကွက်တို့တွင် တည်ရှိပြီး၊ အခန်းတစ်ခန်း၏ အကျယ်အ၀န်းမှာ စတုရန်းပေ (၇၉၀)ထိရှိကြောင်း သိရသည်။
(၁၀)ရာခိုင်နှုန်းဆိုတော့ လျှောက်ထားသူတွေ အတွက် အရမ်းအဆင်ပြေသွားတာပေါ့။ ပြီးတော့ စည်ပင်က ရောင်းတဲ့ဈေးနဲ့ကလည်း သိပ်မ ကွာဘူး။ဒါပေမဲ့ လျှောက်ထားတဲ့သူက တော်တော်များနိုင်တယ် ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရောင်းချပေးနေသည့် တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်း မခင်မျိုးရည် က သုံးသပ်ပြောသည်။
ယင်းအိမ်ရာများတွင် အခန်းပေါင်း (၄၀၀) ကျော်ပါဝင်ကာ ၀ယ်ယူချင်သူများအနေဖြင့် စတင် လျှောက်ထားနိုင်ပြီး မည်သူမဆို ရောင်းချပေး သွားမည်ဖြစ်ကြောင်း Three Friends Construction မှ သိရသည်။ ပုဂ္ဂလိကမှ ရောင်းချပေးသည့် အိမ်ရာ အခန်းများမှာ လေးခန်းတွဲ၊ ခြောက်ထပ်တိုက် ခြောက်လုံးဖြစ်ပြီး၊ အခန်းဖွဲ့စည်းထားပုံမှာ Room Type ဖြစ်ကာ Master Bedroo က တစ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ အိမ်သာရေချိုးခန်းနှင့် ကာပါကင်တို့ပါဝင်ကြောင်း သိရသည်။
Credit: The Messenger