ဧက ၅၀၀ ကျယ်ဝန်းသော ICT City မှာ ဆော့ဖ်ဝဲလုပ်ငန်းများအတွက် အဓိကရည်ရွယ်၍ အကောင်အထည်ဖော်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။
“ကျွန်တော်တို့အနေနဲ့ IT Park လောက်ပဲ မှန်းခဲ့ပေမယ့် ICT City ဆိုပြီး မထင်မှတ်ဘဲ တော်တော်ကြီးသွားတယ်။ ဒီဟာက ဆော့ဖ်ဝဲလုပ်ငန်းတွေအတွက် အဓိကပါ။ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခေါ်မယ်။ ခုလိုမျိုး ရုံးခန်းငှားစားရုံတင် မဟုတ်ဘဲ ဆော့ဖ်ဝဲလုပ်ငန်းတွေအတွက်၊ နိုင်ငံခြားက Outsourcing တွေ လက်ခံလုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးဇော်မင်းဦးက ပြောကြားသည်။
လတ်တလောတွင် အသေးစား ဆော့ဖ်ဝဲလုပ်ငန်းများအတွက် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း အနေဖြင့် ၎င်းတို့ရရှိထားသော မြန်မာအင်ဖိုတက်ခ်မှ ရုံးခန်းနေရာကို ပြင်ဆင်ဖွဲ့စည်း၍ ဈေးနှုန်းသက်သာစွာ ငှားရမ်းပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
“အဓိကရည်ရွယ်တာက Start up ဆော့ဖ်ဝဲ လုပ်ငန်းတွေအတွက်ပါ။ စတုရန်း ပေ ၇၀၀၀ လောက် ကျယ်ဝန်းတဲ့ဧရိယာကို အတွင်းပိုင်းပြင်ဆင်မှုတွေ လုပ်ဖို့ရှိတယ်။ ဆော့ဖ်ဝဲလုပ်ငန်း လုပ်သူတွေရဲ့ အကြံပေးမှုတွေကို လက်ခံစဉ်းစားပြီး လုပ်ဆောင်သွားမှာပါ။ ရုံးခန်းနေရာ ငှားရမ်းခက တစ်ဦးကို ကျပ်ငါးသောင်းနှုန်းလောက် အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ စားပွဲ၊ ကုလားထိုင်နဲ့ လျှပ်စစ်မီး၊ အင်တာနက် စတဲ့ဝန်ဆောင်မှုတွေ ပါမယ်။ ရုံးခန်းတွေကို ဘယ်လိုပုံစံ ဖွဲ့စည်းမယ်၊ ၂၄ နာရီ ရ၊ မရ ဆိုတာတွေကတော့ ထပ်ပြီးဆွေးနွေးကြဦးမှာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒေါ်ချောခင်ခင်က ပြောကြားသည်။
၎င်းတွင် အစည်းအဝေးခန်းမများလည်း ပါဝင်မည်ဖြစ်ပြီး နှုန်းထားတစ်ခုဖြင့် ငှားရမ်းသုံးစွဲနိုင်မည်ဖြစ်ကာ အထွေထွေဝန်ထမ်းများကိုလည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit : Eleven