မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် နိုင်ငံခြားသား စိတ်ဝင်စားမှုမြင့်မားသည့် နေရာများ၌ အိမ်ခြံမြေဈေးမှာ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသဖြင့် ငှားရမ်းသူ အလွန်နည်းပါးသွားကြောင်း အိမ်ခြံမြေဈေးကွက် အသိုင်းအ၀ိုင်းမှ သိရသည်။
“ရန်ကုန်မြို့ရဲ့ အချို့နေရာတွေက အမြင့်ဆုံးဈေးကို ရောက်နေပါတယ်။ လူတွေက အဲဒီလောက်ပမာဏကို မပေးချင်ကြတော့ပါဘူး။ ကျွန်တော်ကတော့ ဒေသခံ ပြည်သူတွေအတွက် စိုးရိမ်မိပါတယ်။ ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ သူတို့လုပ်ငန်းက အမြတ်ထွက်နေသ၍ တိုးလာတဲ့ အိမ်ခြံမြေဈေးကို သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းကလူတွေကတော့ ဒါကိုတတ်နိုင်မှာ မဟုတ်တော့ နောက်ပိုင်းမှာ သူတို့နေထိုင်ရာ အိမ်တွေကနေ စွန့်ခွာသွားကြရမှာ ဖြစ်ပါတယ်” ဟု အိမ်ခြံမြေများ ရှာဖွေပေးနေသည့် နိုင်ငံတကာကုမ္ပဏီ House.com.mm မှ Country Manager မစ္စတာဂျန်ဆွန်းမားဖက်ဒ်က Daily Eleven သို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေ အငှား၊ အရောင်း ဈေးနှုန်းများမှာ အစိုးရသစ် တက်လာချိန်မှစ၍ အကျမရှိပဲ ဆက်တိုက်တက်ရိပ်ပြလာခဲ့ရာ ဈေးနှုန်းကို မထိန်းထားနိုင်လျင် ပြဿနာဖြစ်လာနိုင်သည်ဟု အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
“ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့နေရာတွေမှာ အိမ်ခြံမြေဈေး ကောင်းလာနိုင်တယ် ဆိုပေမယ့် ဈေးကိုမထိန်းထားနိုင်ရင် ကြာလာရင် ခက်လိမ့်မယ်။ အိမ်ခြံမြေဈေးကို စောင့်ကြည့်သင့်တယ်။ နိုင်ငံခြားသားတွေကြိုက်တဲ့ လုံးခြင်းအိမ်ရာတွေ ဝင်ဒါမီယာတို့၊ သံလွင်လမ်းတို့၊ ကမ္ဘာအေးဘုရားလမ်းက လုံးချင်းအိမ်ရာတွေဆိုရင် ဒေါ်လာ ၆ဝဝဝ၊ ၇ဝဝဝ လောက်ပေးရလို့ အငှားတောင် သိပ်မရတော့ဘူး” ဟု City Land အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိ ရန်ကုန်မြို့တွင် နိုင်ငံခြားသားများ အိမ်ခြံမြေငှားရမ်းမှုများသော နေရာများမှာ ဒဂုံ၊ ဗဟန်း၊ လသာ၊ ဗိုလ်တထောင် စသည့်မြို့တွင်းနေရာများနှင့် မြေနီကုန်း၊ လှိုင်နှင့် ကမာရွတ်မြို့နယ်များ ပါဝင်နေသည်ဟု House.com.mm မှ အချက်အလက်များအရ သိရသည်။
“လက်ရှိဈေးကွက်က နိုင်ငံခြားသားတွေ အများကြီးရောက်လာဖို့ ရှိနေပြီးသား ဖြစ်တဲ့အတွက် ဈေးကိုထပ်တင်နေတာထက် လက်ရှိဈေးကို တည်ငြိမ်အောင်ထိန်းတာက ပိုကောင်းပါလိမ့်မယ်” ဟု မစ္စတာဂျန်ဆွန်းမားဖက်ဒ်က သုံးသပ်သည်။
Credit : Yangon News