မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ရှိ တမ္ပ၀တီဈေးတွင် သီးသန့် ရွေးချယ် ရယူထားပြီး ဖွင့်လှစ် ရောင်းချခြင်း မရှိ သည့်ဈေးဆိုင်ခန်းများအား ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ မှသိရသည်။တမ္ပ၀တီ ဈေးကြီး သည် ကျောက်ပန်း တောင်းမြို့တွင် အကြီးဆုံး ဈေးကြီး တစ်ခုဖြစ်ပြီး ယခုအခါ ဈေးမျက်နှာ စာရှိ ဈေးဆိုင်ခန်းများကို စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူ များမှ လက်ဦးမှု ရယူကာ ၀ယ်ယူထားခဲ့ပြီး ဖွင့်လှစ်ခြင်း မရှိသည့် အတွက် သတ်မှတ် ညွှန်ကြားချက်အတိုင်း ဖွင့်လှစ်ခြင်း မရှိပါက ဈေးဆိုင် ပိတ်သိမ်း သည် အထိ အရေးယူ သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။ ဈေးစည်ကားအောင် ဆက်လက် လုပ်ဆောင် သွားမယ်။ ဈေးဆိုင်တွေကို ၀ယ် ထားပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်နေတာကိုတော့ လက်မခံပါဘူး။ ဈေးဆိုင်တွေကို ဖွင့်ပေးဖို့ ကိုလည်း ညွှန်ကြားထားပါတယ်။ နှစ်ကြိမ်ရှိ သွားပါပြီ။
ဆိုင်ခန်းပေါင်း (၂၀၀) ကျော်က မဖွင့်ဘဲထား တာကို တွေ့နေရပါ တယ်။
တကယ်လို့ မဖွင့်သေးဘူး ဆိုရင်တော့ စည်ပင်ဌာနက ဆိုင်ခန်းတွေကို ပိတ်သိမ်းသည်အထိ အရေးယူသွားပါ့မယ် ဟု ကျောက်ပန်းတောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဟိန်းကThe Messenger Media သို့ပြောသည်။ အဆိုပါ ကျောက်ပန်းတောင်း မြို့ရှိ တမ္ပ၀တီဈေးကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် (၁၀) လပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဈေးတည်နေရာ အရ အနေအထား ကောင်းသည့် ဈေးဆိုင်များကို နီးစပ်ရာလူတချို့မှရယူထားကြောင်း ဈေးသားအချို့က ပြောသည်။
ပြောရရင်တော့ ဈေးမျက်နှာ စာနေရာတွေကို ယူထားကြတော့ တခြားဈေးသည် တွေက အတွင်းပိုင်းမှာ ရောင်းချနေ ရတယ်။ ဆိုင်မဖွင့်ကြ တော့ တမ္ပ၀တီဈေးကို လာဝယ်မယ့်သူ မရှိကြဘူး။ ဆိုင်ခန်းပေါင်း (၉၀၀) နီးပါးရှိတာကို ရပ်ကွက်အတွင်းက ဈေးသည်တွေက ဆိုင်ခန်း(၁၅၀) လောက်ပဲ ရောင်းချ နေရတယ်။ တမ္ပ၀တီဈေးကကျောက်ပန်းတောင်မြို့မှာ အကြီးဆုံးဈေးကြီးပါ။ အခုတော့ နေရာကောင်းတဲ့ ဆိုင်ခန်းတွေကို ပိတ်ပြီးယူထားတော့ ဈေးက ပြောသလောက် မစည်ကားတော့ဘူး။ စည်ပင်က စာထုတ်ပြီးဈေးဆိုင်တွေကို ဖွင့်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ မဖွင့်ကြသေးဘူး။ တခြားဈေးသူ/ သားတွေ အတွက် အရမ်းနစ်နာပါတယ်ဟု တမ္ပ၀တီဈေးအတွင်း ဈေးရောင်းချနေသည့် ကိုထွန်းထွန်းက The Messenger Media သို့ ပြောသည်။ အဆိုပါ တမ္ပ၀တီဈေးသည် ကျောက်ပန်းတောင်းနယ်တ၀ိုက်တွင် အကြီးဆုံးဈေးကြီး ဖြစ်သည့်အပြင် ကားပါကင်များဖြင့် စနစ်တကျထည့် သွင်းတည်ဆောက်ထားသည့် ဈေးကြီးတစ်ခု ဖြစ်သည်။
Credit : The Messenger