မန္တလေးမြို့ရဲ့ မြို့ကွက်သစ် အိမ်ခြံမြေဈေးကွက်မှာ ရှိသင့်တဲ့ ပေါက်ဈေးထက် ပိုပြီး ဈေးခေါ်နေတဲ့ အိမ်ခြံမြေ အကွက်အကွင်းတွေ၊ အထူးသဖြင့် လက်ရှိမှာ တန်ဖိုးနည်း အိမ်ရာစီမံကိန်း အကောင်အထည် ဖော်နေတဲ့ အကွက်အကွင်းတွေဘက်မှာ အလုပ်ဖြစ်ဖို့ ခက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရကြောင်း မြို့သစ်က အိမ်မြေ အကျိုးဆောင်တွေက ပြောပါတယ်။ အိမ်ခြံမြေဈေးကွက်ရဲ့ ပုံမှန်လည်ပတ် အလုပ်ဖြစ်နေတဲ့ အနေအထားကို ပျက်ယွင်းစေတဲ့ အကြောင်းတရားတွေ အမျိုးမျိုးရှိတဲ့ အထဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတန်း၊ ပေါက်ဈေးထက် ဈေးပိုဆိုတဲ့ အကြောင်းတရားလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီလို အကြောင်းတရားဟာ အိမ်ခြံမြေဈေးကွက် တစ်ခုလုံးအပေါ် ခြုံငုံ အကျိုးသက်ရောက်မှုထက် ဧရိယာ အကွက်အကွင်းတစ်ခု အပေါ်မှာသာ အကျိုးသက်ရောက်မှု များတာ ဖြစ်ပေမယ့် “ဈေးတွေက မပေါက်ဈေးတွေ ခေါ်နေကြတယ်” ဆိုတဲ့ ခြုံငုံ အပြောခံရတဲ့ သတင်းမျိုး ထွက်လာတတ်ပြီး အကျိုးဆက်ကတော့ မကောင်းတတ်ပါဘူးလို့ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တွေက သုံးသပ် ပြောကြားပါတယ်။ လက်ရှိမှာ မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်စွန်း၊ မြို့ကွက်သစ် ဧရိယာအတွင်းမှာ အထူးသဖြင့် နေထိုင်ဖို့ထက် ထိုက်သင့်တဲ့ အကျိုးအမြတ်ရရင် ပြန်ရောင်းဖို့ စိတ်ကူးနဲ့ အလုပ်လုပ်ကြတဲ့ ဝယ်ရောင်းသမားတွေ စိတ်ဝင်စားကြတဲ့ အိမ်ခြံမြေ အပိုင်းကတော့ စည်ပင်သာယာက အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ဝိုက်က အကွက်အကွင်းတွေပဲ ဖြစ်ပါတယ်။
အဲဒီ ဧရိယာတစ်ဝိုက်ဟာ ယခင် ၂၀၁၁ ခုနှစ်ကုန်လောက်က အိမ်မြေဈေးကွက် ရုတ်တရက် လှုပ်ခတ်ခဲ့ချိန်က တခြားအပိုင်းတွေ နည်းတူ ဈေးနှုန်းတွေ အပြိုင် မြင့်တက်ခဲ့ပေမယ့် လှုပ်ခတ်တဲ့ ကာလ လွန်မြောက်ချိန်မှာတော့ ဈေးနှုန်းတွေ ပြန်ကျပြီး အရောင်းအဝယ်လည်း တော်တော် ပြန်ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ဆန်းပိုင်း အလွန်မှာ အိမ်ခြံမြေဈေးကွက် ပြန်လည် အလုပ်လုပ်လို့ ကောင်းလာခဲ့တဲ့ အခါမှာ ရောင်းလက်တွေ မျက်နှာပန်းအလှဆုံး အပိုင်းထဲမှာ အဲဒီ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ဝိုက် ဧရိယာတွေဟာ အကောင်းဆုံးထဲမှာ ပါပါတယ်။ ဒီဧရိယာထဲမှာ လမ်းကျယ်လမ်းချောအဖြစ် ပြောင်းလဲလာတဲ့ လမ်းတွေ ရှိလာတာ၊ အိမ်ရာစီမံကိန်းကလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ အခြေအနေ ဖြစ်လာတာ၊ အိမ်မြေဈေးကွက် ပြန်လှုပ်ခတ်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်တဲ့အခါ ရောင်းလက်တွေရဲ့ ဈေးကွက် ဖြစ်လာပါတော့တယ်။ “ဒီဧရိယာထဲမှာဆိုရင် စိတ်ဝင်စားကြတဲ့သူ တော်တော် များပါတယ်။ ပေါက်ဈေးတွေကလည်း အရင် ဈေးကွက်ငြိမ်နေစဉ်က ဈေးနှုန်းတန်းနဲ့ တော်တော်ကွာပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရာမှာ ကြုံနေရတဲ့ အခက်အခဲတစ်ခုက တချို့ပိုင်ရှင်တွေက လက်ရှိ ပေါက်ဈေးထက် တအားဟပြီး ဈေးခေါ်တာပဲ။ အဲဒါမျိုးကျ အလုပ် လုပ်လို့လည်း မကောင်းဘူး၊ အလုပ်လည်း မဖြစ်ဘူး။ ဈေးကွက်လည်း ပျက်တယ်” လို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ဈေးကွက် ပြန်လည်ပတ်လာတဲ့အပြင် စိတ်ဝင်စားသူများတာကြောင့် ဒီဧရိယာတစ်ဝိုက်မှာ အဓိက လမ်းမကြီးပေါ်က မြေကွက်တွေရဲ့ ခေါ်ဈေးနှုန်းဟာ ပျမ်းမျှကျပ်သိန်း ၂,၀၀၀ နဲ့ ၂,၅၀၀ ကြားမှာ ရှိလာပါတယ်။ အရင် ဈေးကွက်ငြိမ်နေစဉ်က ဈေးနှုန်းနဲ့ ယှဉ်ရင် သိသိသာသာ ပြောင်းလဲ များပြားလာတဲ့ နှုန်းထား ဖြစ်ပေမယ့် ဒီဈေးနှုန်းတန်းကိုတော့ ဖြစ်သင့်တဲ့ နှုန်းလို့လည်း လက်ခံ ထားကြပါတယ်။ “တချို့ကတော့ လက်ရှိ ပေါက်ဈေးတန်းထက် ပိုတက်နိုင်သေးတယ် ထင်လို့ အရောင်းမဖွင့်ဘဲ ဆက်ကိုင်ထားတယ်။ ဒါပေမဲ့ တချို့ကျ ဈေးပေးလာမှ မရောင်းသေးဘူး ဆိုပြီး စိတ်ပြောင်းတာမျိုး၊ ဒီဈေးနဲ့ မလွှတ်တော့ဘူး ဆိုပြီး ဈေးပိုခေါ်တာမျိုးလည်း ရှိတယ်။ ဒီတော့ ပွဲပျက်တာပေါ့” လို့လည်း အကျိုးဆောင်တွေက ပြောပါတယ်။ တချို့ အိမ်မြေ အကျိုးဆောင်တွေကတော့ အဲဒီတန်ဖိုးနည်း အိမ်ရာစီမံကိန်း တစ်ဝိုက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတန်းနဲ့ဆိုရင် တခြား အလားအလာကောင်းတဲ့ အကွက်အကွင်းတွေ ဘက်မှာ နေရာကောင်းကို ရနိုင်ကြောင်း၊ ဖြစ်သင့်တဲ့နှုန်းထက် ပိုဈေးခေါ်မှု များလာရင် ရေရှည်မှာ ဈေးကွက် ပြန်ငြိမ်သွားနိုင်ကြောင်း ပြောပါတယ်။ ပြီးတော့ ဒီလိုစီမံကိန်းတွေ ရှိလို့၊ လူပြောများလာလို့ ဧရိယာတစ်ခုဟာ ဈေးနှုန်းရော၊ အရောင်းအဝယ်ပါ ရုတ်တရက် လိုက်လာတတ်ပေမယ့် အရေးကြီးတဲ့ အခြေခံအချက်က “လူနေထိုင်မှု” ရှိဖို့ဖြစ်ပြီး အဲဒါမဖြစ်ရင် ဈေးကွက်က ပြန်ပျက်သွားတတ်တာပါပဲ။ “မြေဈေးကွက်ရဲ့ ပုံစံကလည်း ပြန်ငြိမ်သွားပြီဆိုရင် တော်တော်နဲ့ ပြန်လှုပ်တတ်တော့တာ မဟုတ်ပါဘူး။ ဒီတော့ ဈေးတအား အော်ပြန်ရင် အများစုက မတော်တဆ ဈေးကွက် ပြန်ပြုတ်ကျသွားမလား ဆိုတဲ့ အတွေးမျိုးနဲ့ ခပ်စမ်းစမ်းပဲ လုပ်ရဲကြတော့တာပါ” လို့ သုံးသပ်ပြပါတယ်။
Credit: Myanmar Times