မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွင်း တဖြည်းဖြည်း မြင့်တက်လာနေသည့် ဆောက်လုပ်ရေးကဏ္ဍတွင် အထပ်မြင့်အဆောက်အအုံများ၌ အဆင့်မြင့်နည်းပညာများအသုံးပြုကာ တည်ဆောက်နိုင်ရေး၊ နည်းပညာဖလှယ်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် စင်ကာပူအခြေစိုက် Sphere တို့ ဇူလိုင် ၁၆ ရက်က ရန်ကုန်မြို့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
"ဒီလိုလက်မှတ်ရေးထိုးတာက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နည်းပညာဖလှယ်နိုင်တဲ့အခွင့်အရေးတွေရရှိသလို အထပ်မြင့်အဆောက်အအုံဆောက်လုပ်တဲ့အတွက်လည်း ပူးပေါင်းဆောင်ရွက်ခွင့်တွေရသွားမယ်။ အဆောက်အအုံရဲ့ Quality control ရော safety ပိုင်းကိုရောလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်"ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် Sphere တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဆောက်လုပ်ရေးအင်ဂျင်နီယာများကိုလည်း စင်ကာပူဘက်မှ သင်တန်းပို့ချမှုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဆောက်လုပ်ရေးလုပ်ငန်းခွင်အင်ဂျင်နီယာတွေကို သင်တန်းပေးဖို့က စီစဉ်နေဆဲဖြစ်ပါတယ်။ အချိန်ကတော့ MoU ထိုးပြီးတော့ သဘောတူစာချုပ်လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ အဲလိုလက်မှတ်ထိုးပြီးတဲ့နောက် စလို့ရပါပြီ" ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။
Sphere နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး ပြီးခဲ့သည့်မေလအတွင်းက BuildTech Yangon 2014 ပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါပြပွဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဂျာမနီစသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီများက လာရောက်ပြသခဲ့ကြောင်း၊ ဇူလိုင် ၁၆ ရက်တွင် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရလည်း လာမည့် ၂၀၁၅ ခုနှစ်အတွင်း BuildTech Yangon 2015 ပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စင်ကာပူနိုင်ငံ၌လည်း လာမည့်အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါပြပွဲမျိုး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Credit : Eleven Daily News