ရန်ကုန်တိုင်းဒေသကြီးအတွင်းခွင့်ပြုချက်မဲ့ အဆောက်အအုံများဆောက်လုပ်မှုအား လိုင်စင်ရ ကန် ထရိုက်များပါ ကျူးလွန်နေသည်ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။
”ဆောက်လုပ်ခွင့်ပြုချက်ကကြာမှာစိုးလို့ ဖောင်ဒေးရှင်း ကြိုတူးပြီး နောက်မှ ညှိတော့မယ်ဆိုပြီးတော့ ကြိုဆောက်တာတွေ ပါတယ်” ဟု၎င်းက ပြောသည်။
အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ပိုင်ဆိုင်မှု မှန်ကန်ပြီး စိစစ်စရာမလိုပါက အထပ်နိမ့်အဆောက် အအုံများအတွက် လျှောက်ထားသည့်နေ့မှ ၂၁ ရက်အတွင်း၊ အထပ်မြင့်အဆောက်အအုံများအတွက် လျှောက် ထားသည့်နေ့မှ ၃၅ ရက်အတွင်းအဆောက်အအုံဌာနက ဆောက်လုပ်ခွင့် ချပေးလျက်ရှိသည်။
ထို့ပြင် ကန်ထရိုက်လိုင်စင်ကိုလည်း တစ်လတစ်ခါ လူတွေ့စစ်ဆေးခြင်း ပြုလုပ်၍အဆောက်အအုံဌာန က လိုင်စင်ချပေးသည်။
ကန်ထရိုက်အဖြစ် မှတ်ပုံတင်လိုသူများသည် ပိုင်ဆိုင်မှုတစ်ခု ပြရပြီးအတွေ့အကြုံရှိလျှင် လိုင်စင် အကြီးပေး၍ စပေါ်ငွေ သိန်း ၅ဝဝ တင်ရမည်ဖြစ်ပြီး ခြောက်ထပ်နှင့် အထက်အဆောက်အအုံ ၁၅ လုံး ဆောက်ခွင့်ရှိသည်။
အတွေ့အကြုံမရှိလျှင် လိုင်စင်အသေးကို ချပေးပြီး စပေါ်ငွေသိန်း ၂ဝဝ တင်ရ၍ အထပ်အနိမ့် ၁၅ လုံး ဆောက်ခွင့်ရှိကာ ကန်ထရိုက်တိုက်တစ်လုံးဆောက်ပါက တစ်လုံးလျှင်စပေါ်ငွေ သိန်း ၅ဝ တင်ရကြောင်း သိရသည်။
ကန်ထရိုက်လုပ်ငန်း မလုပ်တော့လျှင် တင်ထားသည့် စပေါ်ငွေကိုပြန်ပေးမည်ဖြစ်ကြောင်းနှင့် လိုင်စင် ရရန် ပိုင်ဆိုင်မှုပြရခြင်းသည် တိုက်ဆောက်သည့်အခါ အပျက်အစီးရှိပါက အလျော်အစားပြုလုပ်ရန်အတွက် ဖြစ်သည်။
”ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၂,ဝဝဝ ကျော်မှာ လိုင်စင်ရ ကန်ထရိုက်တွေ ဆောက်တဲ့အမှုတွေပါ ပါတယ်။ ဒါတွေကို လုပ်ထုံးလုပ်နည်းအတိုင်းပြန်တင်မယ်ဆိုရင်တော့ ၂,ဝဝဝ ကျော်က လျော့သွားမှာပေါ့” ဟု ဦးသန်းဌေးက ပြောသည်။
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂,ဝဝဝ ကျော် ရှိနေပြီး အရှေ့ပိုင်းခရိုင်၌ ၈၄၃ လုံး၊ အနောက်ပိုင်းခရိုင်၌ ၁၂၇ လုံး၊ တောင်ပိုင်းခရိုင်၌ ၁၉၂ လုံး၊ မြောက်ပိုင်းခရိုင်၌ ၈၅၉ လုံး ရှိသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံယခုကဲ့သို့ များပြားလာသည့်အတွက်အရေးယူမည့်အပိုင်းကို တိုးမြှင့်သွား မည်ဖြစ်ပြီး ဖြိုဖျက်သည်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က ပြောသည်။
”ကျွန်တော်တို့လည်း မလုပ်ချင်ဘူး။ သူများဥစ္စာစီးပွား ပျက်စီးစေမယ့် အလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ဒါပေမယ့် ပြစ်ဒဏ် တိုးမြှင့်ပြီး လုပ်ရမယ်ဆိုတဲ့ အဖြေပဲ ထွက်လာတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် လိုင်စင်ရကန်ထရိုက် (အကြီးတန်း) ၁,၈၉ဝ ဦး၊ လိုင်စင်ရ ကန်ထရိုက် (အငယ်တန်း) ၈၇၅ ဦးကို လိုင်စင်ချထားပေးပြီးဖြစ်ကြောင်း သိရသည်။
Credit : Trade Times