ရန်ကုန်နယ်နိမိတ်အတွင်းရှိ လယ်ယာမြေများကို ဖွံ့ဖြိုးအောင်လုပ်နိုင်ပြီး ရောင်းလိုအား (Supply) ကို ဖော်ဆောင်နိုင်လျှင် ဈေးကွက်အနေအထားအရ အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
”ဝယ်လိုအား (Demand) က ရှိနေတယ်။ ရောင်းလိုအား (Supply) ကို ဘယ်လိုမြန်မြန် ဖော်ထုတ်မလဲ ဆိုတာ။ ဖော်ထုတ်ပြန်တော့လည်းမြေယာနဲ့ပတ်သက်တဲ့ ဥပဒေက ရှိလာတယ်။ တရားဥပဒေမှာ နိုင်ငံရေးက ပါလာတော့ တော်တော်လေးကိုသိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမယ်”ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေလုပ်ငန်းထဲသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီး ရန်ကုန်မြို့တွင်း၌ ရုံးခန်းဖွင့် လှစ်ရန် ရှာဖွေလျှင်လည်း နေရာပေးနိုင်ခြင်း မရှိကြောင်း၊ ယခု အိမ်ခြံမြေဈေးကွက်တွင်အရောင်းအဝယ်နည်းပါး သော်လည်း ဈေးနှုန်းများမှာမူ အမြင့်ဈေးတွင်သာ ရှိနေကြောင်း ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
”အိမ်ခြံမြေဈေးတက်လာရင် ထိန်းချင်ကြတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ Control က မရှိသင့်ဘူး။ ဈေးတက်တာ၊ ကျတာက ဈေးကွက်နဲ့ပဲ ဆိုင်တယ်။ စီးပွားရေးလုပ်ရင် ဈေးကွက်ကိုပဲ အားကိုးရတယ်။ နိုင်ငံတော်ကို အားကိုးရတာမဟုတ်ဘူး။ နိုင်ငံတော်က ပံ့ပိုးတာပဲ ရှိတာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် အိမ်ရာလိုအပ်ချက် များရှိနေပြီး ရှိနေသည့် လူဦးရေနှင့် တိုက်ခန်းအရေအတွက်မှာ မျှတမှု မရှိကြောင်း၊ ရန်ကုန်မြို့ရှိ တိုက်ခန်းအရေအတွက်မှာ တစ်သန်းအထိ မရှိဘဲ ရန်ကုန်လူဦးရေ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများ၏ အချက်အလက်များအပေါ် ကိုးကား၍ စာရေးဆရာလင်းသိုက်ညွန့်က ဇူလိုင်လ ၆ ရက်၌ ကျင်းပသော မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း နှစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
”စီးပွားရေး အခန်းကဏ္ဍမှာ ဘာရွေးမလဲဆိုရင် အိမ်ခြံမြေကိုပဲ ရွေးကြမှာပဲ။ စီးပွားရေးလုပ်ရင် သေချာ ပေါက် မြတ်မှာပဲ။ ဝယ်လိုအား (Demand) ရှိနေတယ်။ ဒါပေမယ့် ရောင်းလိုအား (Supply) နည်းနေတယ်”ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
ရန်ကုန်မြို့တွင် လူဦးရေများပြားလာသည်နှင့်အမျှ နေရာများချဲ့ထွင်နိုင်ရန်ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် ဂျပန်နိုင်ငံမှ JICA အဖွဲ့တို့ ပူးပေါင်းပြီး ၂ဝ၄ဝ ပြည့်နှစ်ကို မျှော်မှန်းသည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းကို ရေးဆွဲလျက်ရှိသည်။
”အိမ်ခြံမြေဈေးကြီးနေတယ် ဆိုတာ ဂုဏ်ယူစရာမဟုတ်ဘူး။ ဒါအဟန့်အတားဖြစ်နေတာ။ အရေး ကြီးတာက ရောင်းလိုအားနဲ့ ဝယ်လိုအားကသာ အရေးကြီးတာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများသည် အိမ်နီးချင်းနိုင်ငံ များထက် ပိုမိုများပြားနေပြီး အဆိုပါ စီးပွားရေးလုပ်ငန်းတွင်သာ ဝင်ရောက် ရင်းနှီးမြှုပ်နှံလိုသူ များပြားလျက်ရှိသည်။ ထိုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ ခြင်းသည် ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံသည်ထက် ပိုမိုတွက်ခြေကိုက် ခြင်းကြောင့် ယင်းသို့ ပြောင်းလဲ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။
Credit: The Trade Times