သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့် ကုမ္ပဏီများအား ယင်းအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ခွင့်ပြုချက်ရမှသာ စက်မှုဇုန်မြေကိုစတင်ငှားရမ်းနိုင်မည်ဖြစ်ပြီး လက်ရှိတွင် အဆင့်ဆင့် တင်ပြထားသည့်အဆင့်တွင်သာ ရှိနေသေးကြောင်း Myanmar Thilawa SEZ Holdings Public Limited မှ ဒါရိုက်တာ အဖွဲ့ဝင်ဦးကျော်ဇောက ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်အပိုင်း (၁) ၌ လက်ရှိ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားသည့်ကုမ္ပဏီများ တွင် အမေရိကန်နိုင်ငံမှ စားသောက်ကုန် လုပ်ငန်းများအတွက် ပုလင်းခွံ၊ မုန့် သံဘူးခွံများ ပြုလုပ်သည့် Ball ကုမ္ပဏီ၊ ကားအပိုပစ္စည်း ထုတ်လုပ်မည့် SUZUKI ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ သံမဏိစက်ရုံလုပ်ငန်း ကုမ္ပဏီ MIllcom ကုမ္ပဏီများအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခုကျော်မှ ရင်းနှီးမြှုပ်နှံရန် အဆိုပြု ထားကြောင်း သိရသည်။
”ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားတဲ့ ကုမ္ပဏီတွေကို မြေငှားဖို့ အတည်ပြုတာက စီမံခန့်ခွဲမှု ကော်မတီရဲ့ ခွင့်ပြုချက်ရမှ စတင်နိုင်မှာပါ။ လောလောဆယ် နိုင်ငံပေါင်း ၁၁ နိုင်ငံကကုမ္ပဏီပေါင်း ၄၅ ခုကျော်ကတော့ သလီ ဝါအထူးစီးပွားရေးဇုန်ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားတယ်” ဟုဦးကျော်ဇောက ပြောသည်။
”မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်သုံးခု ဖော်ဆောင်နေပေမယ့် တစ်ခုမှ မလည်ပတ်နိုင်သေးဘူး။ သီလဝါနဲ့ ထားဝယ်က အခြေခံ အဆောက်အဦတည်ဆောက်တဲ့အဆင့်ပဲ ရှိသေးတယ်။ အထူးစီးပွားရေးဇုန်တွေ မြန်မြန် လည်ပတ်နိုင်ဖို့ FDI တွေ များများဝင်လာဖို့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကနေ လွတ် အောင် မြန်မာအစိုးရအနေနဲ့ လုပ်သင့်တယ်” ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်ပထမစီမံကိန်းအပိုင်း (၁) ၏ စက်မှုဇုန်မြေပြုပြင်ခြင်း၊ လမ်းဖောက်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို ဂျပန်ကုမ္ပဏီ Penta Ocesn နှင့် မြန်မာကုမ္ပဏီ Suntac တို့မှ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပြီးလက်ရှိ မြေပြင်ပြုပြင်မှု ပြီးစီး၍ ရေချိုစက်ရုံတည်ဆောက်ခြင်း၊လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းတို့ကို ယခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
”အထူးစီးပွားရေးဇုန်အတွက်လျှပ်စစ်မီး မဂ္ဂါဝပ် ဘယ်လောက်ထုတ်ပေးမယ်ဆိုတာတော့ မသိသေး ဘူး။ လျှပ်စစ်မီးက ဝန်ကြီးဌာနကလုပ်မှာပါ။ ကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်တာကတော့ ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းမှ စနိုင်မယ်။ ဒါပေမယ့်တချို့ စက်ရုံတည်ဆောက်မှုတွေကငါးလ၊ ခြောက်လလောက်ပဲ ကြာ မယ်ဆို စက်မှုလုပ်ငန်းတွေ စောပြီးစနိုင်မှာပါ”ဟု ဦးကျော်ဇောက ပြောသည်။
အထူးစီးပွားရေးဇုန်မြေငှားရမ်းခကို တစ်စတုရန်းမီတာလျှင် ဒေါ်လာ၇ဝ နှုန်း သတ်မှတ်ထားပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည်နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်မှု မူဝါဒစသည့် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့် မူဝါဒများကိုနိုင်ငံတကာအဆင့်မီ ကျင့်သုံးသွားမည်ဖြစ်ပြီး စက်မှုဇုန်မြေ ငှားရမ်းမည့် ကုမ္ပဏီများအနေဖြင့် ခြောက်လအတွင်း စီးပွားဖြစ်လုပ်ငန်းများ စတင်မလည်ပတ် နိုင်ပါက ပြန်လည် မြေသိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံ JICA မှ ၁ဝ ရာခိုင်နှုန်းနှင့် မစ်ဆူဘီရှီ၊ ဆူမီတိုမို နှင့် မာရူဘယ်နီ စသည့် ဂျပန်ကုမ္ပဏီသုံးခုမှ ၃၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာအစိုးရမှ စီမံကိန်း၏ ရှယ်ယာ ၁ဝ ရာခိုင်နှုန်းနှင့် အများပိုင်ကုမ္ပဏီကြီး ကိုးခုဖြင့် ဖွဲ့စည်းထားသော Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်းဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိ ထားပြီး Myanmar Thilawa SEZ Holidings Public Limited မှ ကနဦး ရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ရှယ်ယာတစ်ခုလျှင် ကျပ် ၁ဝ,ဝဝဝ နှုန်းဖြင့် ပြည်သူများအား ရောင်းချထားသည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းသည် ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ၁၄ မိုင် အကွာတွင် တည်ရှိပြီး ပထမစီမံကိန်းအပိုင်း (၁)၌ အကျယ်အဝန်း ဧရိယာ ဟက်တာ ၃၉၆ ဒသမ ဝ၆၂ ရှိ၍ ဧကအား ဖြင့် ၉၇၈ ဒသမ ၆၉၁ ဧက ရှိကာ စုစုပေါင်းဖော်ဆောင်မည့် စီမံကိန်း ဧရိယာမှာ ၂၃၄၂ ဟက်တာ ဖြစ်ပြီး ဧက အားဖြင့် စုစုပေါင်း ၅၇၈၇ ဒသမ ၁၇၈ ဧက ကျယ်ဝန်းသည်။
Credit: The Trade Times