အာရှ၏ ကွန်တိန်နာ ဈေးကွက်နှင့် ကုန်သွယ်မှု ဗဟိုဌာနဖြစ်လာနိုင်မည့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်စတင်လည်ပတ်မည့် ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ GDP မှာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ရှိ GDP တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၃ ဘီလျံမှ ၁၃ ထရီလျံအထိ တိုးလာနိုင်သည်ဟု ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
”ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံဈေးကွက်သာမက အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကိုပါချိတ်ဆက်နိုင်တဲ့ အဓိက မဟာဗျူဟာလမ်းကြောင်းပေါ်မှာ တည်ရှိနေတယ်။ တည်ဆောက်မှုပြီးစီးရင်တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ မျက်နှာစာ ဈေးကွက်နေရာ သုံးခုကနေ ကုန်သွယ်မှုတန်ဖိုး တစ်နှစ် အမေရိကန်ဒေါ်လာ ၃ ဘီလျံ ရှိနိုင်တယ်”ဟုဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
မြန်မာနိုင်ငံအပေါ် ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးခဲ့သည့်အတွက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် နိုင်ငံတကာမှ ကုန်စည်များဝင်ထွက်ရာနေရာ၊အချက်အချာကျသည့်နေရာ တစ်ခု ဖြစ်လာမည်ဟုမျှော်မှန်းထားသည်။
မြန်မာနိုင်ငံအတွက်သာမကကမ္ဘာ့ကုန်သွယ်ရေးအတွက်ပါ အရေးကြီးသည့် ကုန်သွယ်ရေးဗဟိုဆိပ် ကမ်းကြီး ဖြစ်လာမည်ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃ ဘီလျံတွင် နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂ ဘီလျံရှိသည်ဟု ကျောက်ဖြူအထူး စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့်စင်ကာပူနိုင်ငံအခြေစိုက် အကြံပေးကုမ္ပဏီ၏ အဖွဲ့ဝင်ဖြစ်သည့် DTZ Debenham Tie Leung Pte. Ltd မှ Chief Operating Offi cer Mrs.Ong Choon Fah က ပြောသည်။
ယခုရေးဆွဲထားသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် Master Plan တွင် မြန်မာနိုင်ငံ၏ GDP ကို လက်ရှိထက် နှစ်စဉ် ၈ ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးတက်စေမည်ဖြစ်သည်ဟု CPG မှ Global Maritime and Port Services Pte. Ltd rSVice President Mr.Mel Sng က ပြောသည်။
”ကျောက်ဖြူကနေ မြန်မာနိုင်ငံရဲ့ကုန်စည်စီးဆင်းမှုကို ၂၄ ရာ ခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ဖို့ရည်မှန်းထားပါတယ်။ ပင်လယ်ရေအနက်ဟာ ၁၇ မီတာရှိပြီး ကွန်တိန်နာ သင်္ဘောတွေ အလွယ်တကူသွားလာနိုင်အောင် လုပ်ထားပါတယ်။ မြန်မာနိုင်ငံဈေးကွက်ရဲ့ ၈ဝ ရာခိုင်နှုန်းကို ကျောက်ဖြူ ကနေ တစ်ဆင့်အာဆီယံ၊ တရုတ်၊ အိန္ဒိယတို့ကိုချိတ်ဆက်ပေးသွားနိုင်မှာပါ”ဟု ၎င်းကပြောသည်။
”စင်ကာပူနိုင်ငံ ဆိုရင် အာရှမှာ Top ဖြစ်နေတာ Sea Port ကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးပထဝီအနေနဲ့ရော နိုင်ငံရေးပထဝီအနေအထားအရပါ မဟာဗျူဟာနေရာအာရှရဲ့ကုန်သွယ်ရေးက မုတ္တမပင်လယ်အော်ကတစ်ဆင့် သွားရတော့ အာဖရိကနဲ့အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံတွေပါ ပို့လို့ရ တယ်။ ဒါပေမယ့် စင်ကာပူတို့၊ ရှန်ဟိုင်းတို့ကိုတော့ ယှဉ်နိုင်မှာမဟုတ်ဘူး။ သူတို့ခေတ်တုန်းက ကမ္ဘာမှာ သူတို့ကနာမည်ကြီးခဲ့တာကိုး။ အခု ကမ္ဘာ့နိုင်ငံတွေက ရေနံဈေးကြောင့်ရော လုံခြုံရေးအခြေအနေကြောင့်ရော အနီးအနားနိုင်ငံအချင်းချင်းပဲ ကုန်သွယ်ကြတော့တယ်။ အဓိကကတော့နာမည်သတင်းကောင်းရင် လာကြမှာပဲ။ Management နဲ့ Performance ကောင်းရင်တော့ သူတို့မှန်းတဲ့ GDP ၁၃ ထရီလျံ ဆိုတာရမှာပေါ့။ တော်တော်တော့ ကြိုးစားရမယ်”ဟုကုန်သွယ်မှုမြှင့်တင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် တန်ချိန် ၆,ဝဝဝ မှ ၈,ဝဝဝ TEU ရှိသည့် သင်္ဘောများ ဆိုက်ကပ်နိုင် မည်ဖြစ်ပြီး ကျောက်ဖြူ၏ အဓိကစီးပွားရေးလည်ပတ်မှုမှာ ၂ဝ၂ဝ ပြည့်နှစ်မှသာ စတင်မည်ဖြစ်ပြီး ယင်း အချိန်၌ ကျောက်ဖြူသည် ကွန်တိန်နာဈေးကွက် ဖြစ်ပေါ်လာနိုင်ကြောင်း Mr.Mel Sng က ပြောသည်။
”ရေရှည်စီမံကိန်း (၂) ထဲမှာရေနံချက်လုပ်ငန်းတွေ၊ အရည်သိုလှောင်စက်ရုံတွေ တည်ဆောက်မယ့်ဟာ တွေပါတယ်။ အခု ၂ဝ၁၄ ခုနှစ်၊ ဧပြီလကနေစပြီး ရေနံလုပ်ကွက် ၁၁ ကွက်ကို လုပ်နေကြတယ်။ ဒီမှာ ရေနံ အတင်အချလုပ်မယ့် ဆိပ်ကမ်းတွေလည်းဆောက်နေတယ်”ဟု Mr.Mel Sng က ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုရှိသည့်အနက် ယခုဖော်ဆောင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် မည်သည့်နိုင်ငံ အစိုးရမှ မပါဝင်ဘဲ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များနှင့်သာပူးပေါင်း ဆောင်ရွက်မည့် Business to Business (B to B) စနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းကပြောသည်။
Credit: The Trade Times