ဝါဝင်ကာလ အိမ်အငှားဈေးကွက်တွင်ငှားရမ်းခဈေးနှုန်းများ ယခင်နှစ်ထက် ၁ဝ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းကျော် မြင့်တက်နေပြီး ဈေးပိုခေါ်လျက်ရှိနေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။
အိမ်အငှားဈေးကွက်တွင် နေရာနှင့် အိမ်အခြေအနေပေါ်မူတည်၍ တိုက်ခန်းတစ်ခန်းလျှင် ၁ဝ ရာခိုင်နှုန်း၊ ကွန်ဒိုတစ်ခန်းလျှင် ၃၅ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကာ ပုံမှန်ထက် ဈေးပိုခေါ်နေခြင်းများလည်း ရှိနေသည်ဟု သိရသည်။
“အိမ်ကောင်းရင်ကောင်းသလောက် ဈေးပိုခေါ်ကြတယ်။ မနှစ်က တစ်သိန်းလောက်နဲ့ အငှားရတဲ့တိုက်ခန်းဆို ဒီနှစ် တစ်သိန်းခွဲလောက် ဖြစ်နေတယ်။ ကွန်ဒိုဆိုလည်း ဈေးအရမ်းမတက်ပေမယ့် ပုံမှန်ထက် တစ်သိန်း၊ နှစ်သိန်းလောက် ကွာတာတွေရှိတယ်။ ယုဇနဘက်က အရင်နှစ်သောင်း၊ သုံးသောင်း တိုက်ခန်းတွေဆိုလည်း ရှစ်သောင်း၊ တစ်သိန်းလောက်ထိ ဖြစ်နေတယ်။အခုက ဝါတွင်းကာလလည်းဖြစ်နေတော့ ဈေးတွေပိုခေါ်လို့ ကောင်းနေတာပေါ့”ဟု အာရှမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာကိုစိုင်းလီက ဆိုသည်။
ထို့အပြင် တိုက်ခန်းအရောင်းဈေးများလည်းတက်လျက်ရှိပြီး ယခင်ကျပ်သိန်း ၁၅ဝ ဝန်းကျင်တန်ဖိုးရှိ တိုက်ခန်းတစ်ခန်းလျှင် ယခုအခါ ကျပ်သိန်း ၂ဝဝ မှ ၂၅ဝ အထိ လည်းကောင်း၊ ဒဂုံဆိပ်ကမ်း(ယုဇန) တိုက်ခန်းတစ်ခန်းလျှင် ယခင်သိန်း ၆ဝ မှ ယခုအခါ သိန်းတစ်ရာကျော်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။
လုံးချင်းအိမ်ရာများလည်း ယခင်လက်ရှိဈေးထက် ပျှမ်းမျှကျပ်သိန်း ၅ဝဝ မှ တစ်ထောင်ကျော်အထိ မြင့်တက်နေပြီး ၂ဝ၁၅ အပြီး တည်ဆောက်မည့် သီလဝါစီမံကိန်းကြောင့် စက်မှုဇုန်မြေဈေးများလည်း ယခင် ကထက် ၃၅ ရာခိုင်နှုန်းကျော်မြင့်တက်လျက်ရှိသည်ဟု စုံစမ်းသိရသည်။
အိမ်ခန်းငှားရမ်းခများအပြင် ရန်ကုန်မြို့လယ်ရှိ ရုံးခန်းငှားရမ်းခများလည်း မြင့်တက်လျက်ရှိကာ အိမ်ခြံမြေငှားရမ်းခမြင့်မားသည့်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။
Credit: Yangon news