ရန်ကုန်မြို့တွင် တစ်နှစ် အတွင်း တရားမ၀င် အဆောက်အအုံ တစ်ထောင်ကျော်ထပ်မံ တိုးလာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ တရားမ၀င် အဆောက်အအုံ တစ်ထောင်ကျော်ရှိ ခဲ့ရာမှ ၂၀၁၄ ခုနှစ် ဇွန်လ ကုန်ထိ တရားမ၀င် အဆောက်အအုံ (၁၀၀၀) ကျော် ထပ်မံဆောက်လုပ်လာခြင်း ဖြစ်သည်။
အမှုဖွင့် အရေးယူနေ တာပဲ၊ ဒါပေမဲ့ ထပ်ပြီးများ လာတယ်။ ဒါကြောင့် တိုက်ဖြို တာတို့၊ ထောင်ဒဏ်ထိ ချမှတ်တာတို့ ဆောင်ရွက် သွားမယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။ လက်ရှိတွင် တရားမ၀င် အဆောက်အအုံ ဆောက်လုပ်သူ အင်ဂျင်နီယာ၊ ကန်ထရိုက်၊ မြေရှင် စသည်တို့ကို အမှုဖွင့် ကာ တရားဝင်ဖြစ်သည့်နေ့ အထိ တစ်နေ့လျှင် ဒဏ်ငွေကျပ် တစ်သောင်းမှ ဒဏ်ငွေကျပ် ငါးသောင်း နေ့စဉ် ဒဏ်ရိုက်နေ သော်လည်း တရားမ၀င် ဆောက်လုပ်မှုမှာ လျော့နည်း သွားခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် တိုက်ဖြိုချကာ ပြန်လည် ဖျက်သိမ်းသည့် အထိ အရေးယူ သွားမည် ဖြစ်သည်။ ယင်းသို့ဖြိုဖျက်ရာတွင် လမ်းမြေကို ကျူးလွန်ကာ ဆောက်လုပ်ခြင်း၊အထပ်မြင့်များဆောက်လုပ်ခြင်း စသည့်အလွန်အကျွံ ဆောက်လုပ်ထားသော အဆောက်အအုံများကိုသာ လုပ်ဆောင်သွားမည် ဖြစ်ကာ အလွန် အကျွံဆောက်လုပ်ခြင်း မရှိသော အဆောက်အအုံများကိုမူ ဒဏ်ကြေးဖြင့်သာ ဆက်လက် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။
တရားမ၀င် အဆောက်အအုံတွေက ဘယ်သူ့ ခွင့်ပြုချက်မှ မလိုဘဲ ဆောက်ထားတဲ့အတွက် ပတ်ဝန်းကျင်မှာနေတဲ့သူတွေက အန္တရာယ်ဖြစ် မှာ စိုးရိမ်နေရတယ်။ အရင်တုန်း က ဒီအဆောက်အအုံတွေ ပြိုတာတွေကလည်း ရှိခဲ့တဲ့အတွက်၊ ဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့တော့ လိုနေပါပြီ ဟု သင်္ဃန်းကျွန်း မြို့နယ် င/က ရပ်ကွက်အဝေရာလမ်းတွင် နေထိုင်သူ ကိုလှထွေးဇော်က ဆိုသည်။
အဆိုပါ အဆောက်အအုံများသည် သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်စသည့် မြို့နယ်တို့တွင် အများဆုံး ဆောက်လုပ်ထားကြပြီး ယင်း ထဲမှ အများဆုံး ဆောက်လုပ်နေသော မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။ တရားမ၀င် အဆောက်အအုံများနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နေ ပြည်သူ (၁၀၀) ကျော်က လည်း ၂၀၁၃ ခုနှစ်တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး ယခုနှစ် ဇွန်လ အတွင်းကလည်း အဆိုပါ အဆောက်အအုံများ ပပျောက်စေရန် အတွက် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
Credit : The Messenger