ရခိုင်ပြည်နယ် ဂွမြို့နယ်မှ အိမ်ခြံမြေများမှာ မိုးဦးစကာလ၌ သိန်းရာနှင့်ချီကာ ဈေးနှုန်းများ မြင့်တက်နေသော် လည်း ဝယ်ယူသူ နည်းလျက်ရှိကြောင်း ဒေသခံ အိမ်ခြံမြေ ကျွမ်းကျင်သူများထံမှ သိရသည်။
''နွေတုန်းက ဝယ်သူတွေ အများကြီးလာကြတယ်။ အိမ်ခြံ ရောင်းသူတွေရှိတော့ ဝယ်မယ့်သူတွေက ရောက်လာကြပြီး တောင်းတဲ့ဈေးတွေကို ပေးကြတယ်။ အခုက ဝယ်မယ့်သူတွေ နည်းနေတယ်။ ရောင်းတဲ့ သူတွေကလည်း ဝယ်မယ့်သူတွေ နည်းနေတဲ့ အတွက် ရောင်းမယ့် ခြံပိုင်ရှင်တွေကလည်း အချိန် စောင့်နေကြသေးတယ်'' ဟု ဂွမြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောသည်။
ဂွမြို့၌ အိမ်ခြံမြေများကို ဂွမြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင်များက အဓိက ဝယ်ယူနေကြပြီး ကုမ္ပဏီများမှ ကမ်းခြေရှိ အိမ်ခြံမြေများကို အဓိကထား ဝယ်ယူနေကြကြောင်း သိရသည်။''အခုဆို နယ်ကလူတွေက ပင်လယ်ကမ်းခြေက အုန်းခင်းတွေကို ရောင်းပြီး မြို့ပေါ်မှာ အိမ်ခြံတွေ ဝယ်ကြတာများတယ်။ အချို့ဆိုရင် လည်း အုန်းခင်းရောင်းရတဲ့ ငွေတွေနဲ့ မြို့ကို အပြီး ပြောင်းနေကြတယ်။ အဲဒီမှာပဲ စီးပွားရေးလုပ်စားကြ တယ်။ အုန်းခင်းတွေကလည်း ဈေးတွေ အများကြီးရတယ်'' ဟု အုန်းခင်းရောင်းကာ ဂွမြို့၌ အခြေချနေထိုင် သူ ကိုခင်အောင်က ပြောသည်။
ကမ်းခြေ အုန်းခင်းများမှာ လက်ရှိ ပေါက်ဈေးအရ ၁ ဧကလျှင် သိန်းတစ်ထောင်မှ သိန်းသုံးထောင် ဝန်းကျင် အတွင်း ပေါက်ဈေး ရှိနေကြောင်း သိရသည်။ ဂွမြို့ပေါ်၌ လူစည်ကား၍ အချက်အချာ ကျသော လမ်းမကြီး ဘေးရှိ ပေ ၅ဝ x ၁ဝဝ အိမ်ခြံမြေ တစ်ကွက်လျှင် ငွေကျပ်သိန်း ၃ဝဝ မှ ငွေကျပ် သိန်း ၆ဝဝ ဝန်းကျင်အထိ ဈေးပေါက်နေပြီး ရပ်ကွက်အတွင်း လမ်းကြားများ တစ်ကွက်လျှင် ငွေကျပ်သိန်း ၅ဝ မှ ငွေကျပ်သိန်း၂ဝဝ ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။