တန်ဖိုးမျှတ အိမ်ရာ မဲပေါက်သူများ မိမိ၏ အခန်းအား ပြန်လည်ငှားရမ်းခြင်း ရောင်းချခြင်းများ ပြုလုပ်ပါက အခန်းပြန်လည် သိမ်းဆည်းသွား မည်သည်။ အဆိုပါ အိမ်ရာမှ အခန်းများသည် အမှန်တကယ် အိမ်ရာမရှိသူများ အတွက် ရောင်းချပေးခြင်းဖြစ်ပြီး စီးပွားရေး သမားများမှ ၀င်ရောက် ဈေးကစားမှုများရှိ လာနိုင်သောကြောင့် ကြိုတင် သတ်မှတ်ပေးထားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
စီးပွားရေးသမား တွေကြောင့် အမှန်တကယ် အိမ်ရာမရှိတဲ့သူတွေ အတွက် နစ်နာတယ်။ ဒါကြောင့်ငှားတာပဲ ဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် လုပ်ရင် အခန်း ပြန်သိမ်းမယ်။ ပြီးတော့နောက်ပိုင်း အိမ်ရာတွေမှာ လျှောက်ထားခွင့်လည်း ပေးမှာမဟုတ်ဘူး ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ အဆောက်အအုံဌာနမှ ACE ဦးနေ၀င်း ကပြောသည်။
လက်ရှိရန်ကုန်မြို့တွင် စီးပွားရေးသမားများ ဈေးကစားမှု များကြောင့် အိမ်ရာ ဈေးနှုန်းမှာ မြင့်မားနေပြီး ထိုကဲ့သို့ ဈေးကစားမှုများ မဖြစ်ပေါ် စေရန် ဥပဒေအရ ထိန်းချုပ်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ဒီလို သတ်မှတ်ပေးတာ တကယ်နေထိုင်မယ့်သူတွေ အတွက်ကတော့ စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ ဘယ်နှစ်နှစ်ထိ အနည်းဆုံး နေထိုင်ရမယ်လို့ သတ်မှတ်ပေးရင် ပိုကောင်းမယ် ဟု ဗိုလ်ဗထူးအိမ်ရာ လျှောက်ထားသူ ကုမ္ပဏီ ၀န်ထမ်း ဒေါ်ဆွေဆွေဝင်း က ဆိုသည်။
တန်ဖိုးမျှတ အိမ်ရာများအား ရောင်းချ ပေးရာတွင် အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ပြီး၊ လျှောက်ထားသူများအား တစ်လလျှင် ငွေအနည်းဆုံး သုံးသိန်းရှိရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ လက်ရှိ ရောင်းချနေသည့် ဗိုလ်ဗထူးအိမ်ရာ၊ ဗိုလ်မင်းရောင် အိမ်ရာတို့ကို မဲနှိုက် စနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ပြီး၊ လျှောက်ထားသူမှာ လေးသောင်းကျော် ထိရှိ နေကာ၊ အခန်းတစ် ခန်း၏ ဈေးနှုန်းမှာ အနည်းဆုံး သိန်းနှစ်ရာမှ အများဆုံး သိန်းသုံးရာကျော်ထိ ရှိကြောင်းသိ ရသည်။ မဲပေါက်သူများမှာ တစ်လအတွင်း အခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းအား လာရောက်ပေးသွင်းရမည် ဖြစ်ပြီး၊ ကျန်ရှိသော အခန်းတန်ဖိုးအား လေးနှစ်အတွင်း ပေးသွင်း ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ အဆောက်အအုံမှ သိရသည်။
Credit: The Messenger