ရှေးဟောင်းအဆောက်အအုံများကို အခြားကဏ္ဍများတွင် အသုံးပြုရန် ပြန်လည်ပြုပြင်ခြင်းကြောင့် အဆောက်အအုံ ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ရှေးဟောင်း အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရေး ဥပဒေပါ ပုဒ်မများအရထောင်ဒဏ် ကျခံရနိုင်ကြောင်းဥပဒေပညာရှင်များထံမှ သိရသည်။
”အမေရိကန်တို့၊ အင်္ဂလန်တို့မှာဆိုရင် အစိုးရက ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းကာ ကွယ်ပေးတယ်။ အစိုးရက အလုပ်တွေ တအားများလို့ မစောင့်ရှောက်နိုင်ရင်လည်း ရန်ပုံငွေပံ့ပိုးပေးပြီး Trust လို့ခေါ်တဲ့ အဖွဲ့တွေ ဖွဲ့ပြီးထိန်းသိမ်းခိုင်းတယ်။ မြန်မာပြည်မှာဒီအဆောက်အအုံတွေကို ထိန်းသိမ်းစရိတ် မတတ်နိုင်လို့ အပြင်ကို ငှားလိုက်ရတယ်ဆိုတာကတော့ မဟုတ်သေးဘူး။ ရှေးဟောင်းအမွေအနှစ်အဆောက် အအုံတွေကို ပျက်စီးအောင်လုပ်တယ်ဆိုရင် သူ့ကို ထောင်တစ်နှစ်ကနေ ခုနစ်နှစ်အထိ ချလို့ ရတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှတရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။
ရှေးဟောင်းအဆောက်အအုံများကို ပြင်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ငှားရမ်းခြင်းထက် နိုင်ငံတကာ ကဲ့သို့ ပြတိုက်များအဖြစ် ထားရှိခြင်းမှာ ပိုမိုသင့်တော်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကိုပြင်ပလုပ်ငန်း ရှင်များသို့ ငှားရမ်းရာတွင် စည်းကမ်းချက်များ ချမှတ်ပြီး အဆောက်အအုံ၏ မူလပင်ရင်းပုံစံ မထိခိုက်စေဘဲ ပြင်ဆင်ခွင့်ပြုလျှင် ဖြစ်သော်လည်းအတွင်းပိုင်းရှိ ရှေးဟောင်း အမွေအနှစ်ပစ္စည်းများ အနည်းနှင့်အများဆိုသလို ပျက်စီးစေနိုင်သဖြင့် ယင်းတို့ကို လုပ်ငန်းရှင်များထံငှားမည့်အစားပြန်လည် မွမ်းမံပြင်ဆင်ကာ ပြတိုက်အဖြစ်သာ အသုံးပြုသင့်ကြောင်း၊ နိုင်ငံတကာတွင် ပြည်ပဧည့်သည်ခရီးသွားများ လာရောက် လည်ပတ်ရာ၌ ထိုသို့ သမိုင်းဝင်အဆောက်အအုံများကို လာရောက် လေ့လာကြည့်ရှုခြင်းအတွက် ယင်းအဆောက်အအုံများမှ ဝင်ငွေအမြောက်အမြား ရှာဖွေပေးနိုင်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
ထိုသို့ ရှေးဟောင်းအဆောက်အအုံများကို ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များထံ ငှားရမ်းခြင်းနှင့် ပတ်သက် ၍ ”မြို့တော်ဝန် တင်ပြတာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ခံတယ်။ ဒါကို MIC ကလည်း အောက် ခြေဆင်းမကြည့်ဘဲ ခွင့်ပြုခဲ့တယ်။ စည်ပင်ဥပဒေမှာဆို အဆောက်အအုံဆောက်ခွင့်ရဖို့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံမှု လိုတယ်။ ဒီအဆောက်အအုံတွေ အပြင်ကို ငှားလိုက်တုန်းကဘယ်သူနဲ့မှ တိုင်ပင်တာ မဟုတ်ဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။
ရှေးဟောင်း အဆောက်အအုံအများဆုံး တည်ရှိသည့် အင်္ဂလန်နိုင်ငံ၌ အဆောက်အအုံများ၏ အပြင် ဘက်အပိုင်း ပြင်ဆင်ခြင်းကို ခွင့်ပြုထားခြင်းမရှိဘဲ အတွင်းပိုင်း ပြင်ဆင်မှုများကိုသာ စည်းကမ်းချက်များနှင့် ပြင်ဆင်ခွင့်ပြုထားကြောင်း၊ အရေးကြီးသည့် သမိုင်းဝင် အဆောက်အအုံများကို အစိုးရက ငွေကုန်ကြေးကျခံ ကာ ထိန်းသိမ်းစောင့်ရှောက်ပြီးပြတိုက်အဖြစ် အသုံးပြုပြီး အများပြည်သူ လေ့လာနိုင်ရန် ဖွင့်လှစ်ပေးထား ကြောင်း ဥပဒေပညာရှင်တို့၏ပြောကြားချက်များအရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ ရန်ကုန်မြို့တော် တွင် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့်အဆောက်အအုံ ၁၈၉ လုံးရှိပြီး အချို့သော အဆောက်အအုံများကို တင်ဒါခေါ်ယူကာ မူလပုံစံမပျက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ကာ ပြတိုက်နှင့် အခြား အကျိုးတူလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
Credit: The Trade Times