မြို့ပြဒေသဖွံ့ဖြိုးရေးအတွက်မြန်မာ-ဂျာမနီ သုတေသန ပူးပေါင်းဆောင်ရွက်ခြင်း (Myanmar-German Research Cooperation) မှဆောင်ရွက်နေသည့် စစ်တမ်းကောက်ယူမှုတွင် မြို့ ၅၆ မြို့အနက် လက်ရှိမြို့ လေးမြို့ကို အသေးစိတ် စစ်တမ်းကောက်ယူနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် ဒေသန္တရ စီမံကိန်းရေးဆွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
လူမှုရေး၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာသည့် ၎င်းမြို့ပြများကိုခရီးသွားလုပ်ငန်း ဦးစားပေးသင့် သည့်မြို့၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့်မြို့ဟူ၍ တိုးတက်နိုင်သည့် အလားအလာနှင့် ဖွံ့ဖြိုးမှု အားသာ ချက်များကို စစ်တမ်းကောက်ယူ Result လုပ်ခြင်းဖြစ်သည်။
ယခု အသေးစိတ် စစ်တမ်းကောက်ယူသည့် မြို့လေးမြို့မှာပြည်၊ စစ်ကိုင်း၊ မုံရွာ၊ မော်လမြိုင် တို့ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူဦးရေ တစ်သိန်းအထက်မြို့များကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး လူဦးရေ ၅ဝ,ဝဝဝ အောက် ရှိသည့်မြို့များကို ဒုတိယဦးစားပေးအနေဖြင့် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။
”မြို့တိုင်း မြို့တိုင်းကတော့ Town Plan ကို တိုင်းဒေသကြီးတွေက ရေးဆွဲရမယ်ဆိုတာ ရှိတယ်။ သူ့ မြို့ရဲ့ မြို့ပြစီမံကိန်းကို ရေးဆွဲရမယ်”ဟု ဒေါ်အေးအေးမြင့်ကပြောသည်။
ရွေးချယ်ထားသည့် မြို့ပေါင်း ၈ဝ ကျော်ထဲမှ ယခု စစ်တမ်းကောက်ယူမည့် ၅၆ မြို့ကို ရွေးချယ်ထားခြင်း ဖြစ်ပြီး မြို့ပြနှင့်ဒေသ ဖွံ့ဖြိုးရေးအတွက်မြန်မာ-ဂျာမနီ ပူးပေါင်းဆောင်ရွက်ခြင်းကို ၂ဝ၁၂ ခုနှစ်မှ စတင်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။
အဆိုပါ မြန်မာ-ဂျာမနီ သုတေသန ပူးပေါင်း ဆောင်ရွက်ခြင်း (Myanmar-German Research Cooperation) ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ Cologne တက္ကသိုလ်တို့ ပူးပေါင်း အကောင် အထည်ဖော်ခြင်းဖြစ်သည်။
Credit: The Trade Times