မြို့ကွက်သစ်များ၊ အိမ်ရာ စီမံကိန်းများအတွက်ဟုဆိုကာ ၁၉၉ဝ ပြည့်နှစ်မှ စတင်၍ လယ်မြေများကို သိမ်းယူခဲ့ပြီး ထိုသို့သိမ်းယူသည့်မြေနေရာတွင် စီမံကိန်း ဆက်လက်မလုပ်ဘဲ ကျန်ရှိနေသည့် မြေကွက် လွတ်များပေါ်၌ မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားများက ခြံခတ်ခြင်း၊ မကျူးကျော်ရ ဆိုင်းဘုတ်များ စိုက် ထူလာခြင်း စသည့် ပြဿနာများဖြစ်ပွားနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားများထံမှ သိရသည်။
”မြေပိုင်ရှင်က သူ့မြေရောင်းမယ်ဆိုလို့ အကွက်သွားကြည့်တာအဲဒီအကွက်မှာ လယ်သမားတွေက ခြံခတ်ထားပြီး မကျူးကျော်ရဆိုပြီးတော့ ဆိုင်းဘုတ်တွေ ထောင်ထားလို့ပြဿနာတွေတက်ပြီး အရောင်းအဝယ် ပျက်သွားတယ်” ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် ဒေါ်မြသီတာက ပြောသည်။
နိုင်ငံတော်က မြို့ကွက်သစ်များဖော်ထုတ်သည့် ၁၉၉ဝ ပြည့်နှစ်မှစတင်၍ ယခုအချိန်အထိ ရပ်ကွက် အချို့တွင် မြေနေရာရယူထားပြီးအိမ်ဆောက်လုပ်မှု မရှိသည့် မြေကွက်လွတ် အများအပြားရှိနေဆဲဖြစ်ကာ ရပ်ကွက်အတွင်းရှိမြေကွက်များပေါ်တွင် လယ်ယာမြေသိမ်းဆည်းခံရသည့် မူလပိုင်ရှင် လယ်သမားများက ခြံခတ်ပြီး ဆိုင်းဘုတ်များ စိုက်ထူလာသည့်အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြေကွက်ပိုင်ရှင်များ အကြား ပြဿနာ ဖြစ်ပွားလာရခြင်းဖြစ်သည်။
ထိုသို့ လယ်ယာမြေများကို သိမ်းယူရာတွင် လယ်သမားအချို့သာလျှင်ရပ်ကွက်များအတွင်း ပေ ၄ဝx၆ဝ မြေကွက်များ ပြန်လည်ရရှိခဲ့သော်လည်း လယ်သမားအများစုမှာ မည်သည့်အစားထိုးမြေ၊ လျော်ကြေး တစ်စုံတစ်ရာမျှ မရရှိခဲ့သဖြင့် ယခုအစိုးရသစ်လက်ထက်တွင် ကျန်ရှိနေသည့်မြေနေရာလွတ်များအပေါ် လယ် သမားပိုင်မြေ၊ မကျူးကျော်ရစသည့်ဆိုင်းဘုတ်များ စိုက်ထူလာခြင်း၊ ခြံခတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
”ကျွန်တော်တို့မြေ ပြန်ရဖို့အတွက် သမ္မတကြီးကိုလည်း စာတင်ထားပါတယ်။ အခုအထိတော့ လာပြီး ညှိနှိုင်းတာ မရှိပါဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး ပြည်ထောင်စုရိပ်မွန်အိမ်ရာရှေ့ မြေကွက်လွတ်နေရာ၏ပိုင်ရှင်ဖြစ်သူ လယ်သမား ဦးမြတ်အောင်(အမည်လွှဲ)က ပြောသည်။
အသိမ်းခံရသည့် လယ်သမားများအနေဖြင့် မိမိတို့လယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် သက်သေ အထောက်အထားများ ပြသပြီးမြေသိမ်းဆည်းခဲ့သည့် အဖွဲ့အစည်းများကို တရားရုံးတွင် တရားမမှုဖြင့်ပြန်လည် တရားစွဲကာ မိမိတို့ပိုင်ဆိုင်မှုများ ပြန်လည်တောင်းခံရမည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေများက အကြံပြုသည်။
”လယ်သမားက ခြံခတ်ပြီးဆိုင်းဘုတ်ထောင်တာနဲ့ ကိစ္စက မပြီးဘူး။ တရားရုံးမှာ မြေပိုင်ဆိုင်မှုနဲ့ပတ် သက်လို့ သိမ်းခဲ့တဲ့အဖွဲ့ကို တရားမကြောင်းအရ ပြန်တရားစွဲရမယ်။ ဒါမှတရားရုံးအဆုံးအဖြတ်ကို သိပြီး ပိုင် ဆိုင်မှု အထောက်အထားရအောင်လုပ်သွားလို့ရမယ်” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ် တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များ၌သာမက လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင်လည်း မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားများ၏ ခြံခတ်ခြင်း၊ ဆိုင်းဘုတ်စိုက် ထူခြင်းတို့ကြောင့် ပြဿနာများဖြစ်ပွားနေပြီး အချို့သောဒေသများတွင်မူ ဒေသဆိုင်ရာ အာဏာပိုင်များက လက်ရှိ မြေပိုင်ရှင်များနှင့် လယ်သမားများကြား ဝင်ရောက် ညှိနှိုင်းမှုများ ပြုလုပ်လာကြောင်း လယ်သမားများထံ မှ သိရသည်။
”တင်လိုက်တဲ့အမှုကို စစ်ဆေးဖို့ ငါးဦးကော်မတီဖွဲ့စည်းထားတယ်။ မြေစာရင်းက လူတွေလည်း ပါတယ်။ ဒီကော်မတီကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့ပေးထားတာပါ။ ကျွန်တော်တို့ မြေပေါ်မှာ နှစ် ၆ဝ မြေငှား ဂရန် ချပေးထားတာကို လုံးဝလက်မခံပါဘူး။ ကျွန်တော်တို့မြေကို ပြန်ရတဲ့အထိ ရှေ့နေတွေနဲ့တိုင်ပင်ပြီး လုပ် သွားပါမယ်”ဟု ဒဂုံတက္ကသိုလ်ရှေ့ရှိမြေကွက်လွတ်များပေါ်တွင် ခြံခတ်ကာ မကျူးကျော်ရ ဆိုင်းဘုတ်များ စိုက်ထူထားသည့် မူလပိုင်ရှင်ဟုဆိုသူ လယ်သမားကြီး ဦးကျော်ခိုင်က ပြောသည်။
Credit: The Trade Times