အိမ်ရာလိုအပ်သူများအတွက်အိမ်ရာစီစဉ်ပေးခြင်းမှာ ကြိုဆိုရမည့်ကိစ္စ ဖြစ်သော်လည်း တန်ဖိုးမျှတ အိမ်ရာများကို အားကစားကွင်းနေရာများ၌ တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံများက ကန့်ကွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နှင့်သာကေတမြို့နယ်တို့တွင် နေထိုင်သူများထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ၁၆/၃ ရှိအားကစားကွင်းမြေနေရာကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးသို့ မြေချဂရန် ထုတ်ပေးထားမှုနှင့် သာကေတမြို့နယ် (၄/တောင်) ရပ်ကွက်ရှိ အားကစားကွင်းနှင့် မီးတားကွင်း မြေနေရာ တို့ကို မူလအတိုင်းထားရှိပေးရန်ရပ်ကွက်နေပြည်သူများက တောင်းဆိုခြင်းအပေါ် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ငြင်းဆန်ခဲ့ခြင်းကြောင့် နိုင်ငံတော်သမ္မတထံ တိုက်ရိုက် စာရေးသားကာ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွန့်ကပြောသည်။
”နိုင်ငံရေးပါတီ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သမ္မတကြီးဆီကိုတိုက်ရိုက်စာရေးမယ်။ သာကေတ ၄/ တောင် အားကစားကွင်းတင်မကဘူးသင်္ဃန်းကျွန်း ၁၆/၃ မှာဆို အဲဒီမြေကို အပြင်လူတစ်ဦး နာမည်နဲ့ ဂရန် တောင် ထုတ်ပေးထားပြီးတဲ့အပြင်ကန့်ကွက်ဆန္ဒပြတဲ့ ရပ်ကွက်လူထုကိုလည်း ခြိမ်းခြောက်တာ၊ အမှုဖွင့်တာတို့ လုပ်လာတဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင် မြို့နယ်ရဲတွေရော၊ သက်ဆိုင်ရာ မြို့နယ်ဥပဒေအရာရှိတွေကိုပါ ကြိုပြီးပြောထားရတာတွေဖြစ်လာတယ်။ ဒီကိစ္စနှစ်ခုအတွက် သာကေတနဲ့ သင်္ဃန်းကျွန်းအားကစားကွင်းတွေ ပြန်ရဖို့ တင်ပြသွားမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
”မြေဈေးက ကြီးလာတော့ အာဏာပိုင်တွေနဲ့ အပေါင်းပါတွေ မျက်စိကျစရာကုန်ကြမ်းတွေက အားကစားကွင်းတွေ၊ မီးတားကွင်းတွေ ဖြစ်လာတယ်။ ဒီလူတွေက ရဖို့အတွက်အကြောင်းအမျိုးမျိုးပြမှာပဲ။ ပြည် သူ့မျက်နှာကို ဖနောင့်နဲ့ ပေါက်ဖို့လည်း ဒီလူတွေက ဝန်လေးမှာမဟုတ်ဘူး။ ကိုယ်လုပ်ပိုင်ခွင့်ရှိတုန်း ရသမျှယူ သလိုဖြစ်နေတယ်။ သမ္မတက သန့်ရှင်းတဲ့အစိုးရလို့ ပြောနေပေမယ့် သူ့အောက်ကလူတွေက သမ္မတကို လူထုက မုန်းလာအောင် လုပ်နေသလိုဖြစ်နေတယ်လို့ ရေးပြီး တင်မယ်” ဟု ၎င်းက ပြောသည်။
မြို့သစ် စတင် တည်ထောင်သည့် ၁၉၆ဝ ပြည့်နှစ်ခန့်မှ စတင်ကာ သာကေတမြို့နယ် (၄/တောင်) ရပ်ကွက်ရှိ အားကစားကွင်းနှင့်မီးတားကွင်းကို မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်က သတ်မှတ်ပေးခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်မှ စတင်၍ယင်းနေရာသို့ အမှိုက်များကို လာရောက်စုပုံခြင်း၊ ဘောလုံးကစားကွင်းကို ပိတ်ပင်ခြင်း တို့အပြင် အခြားသော အိမ်ရာဆောက်လုပ်သည့်လုပ်ငန်းများကိုလုပ်ကိုင်ရန် ပြင်ဆင်လာခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူ ၆၆၉ ဦးက လက်မှတ်ရေးထိုးကာ အားကစားကွင်းများ ပြန်လည်အသုံးပြုနိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့စာရေးသား တင်ပြခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က လွှတ်တော်၌ အဆိုတင်သွင်းမေးမြန်းခဲ့ရာ ယင်းမြေနေရာပေါ်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် သတ်မှတ်ထားသည့်အတွက် အားကစားကွင်းကို ပြန်လည်ပေးအပ်နိုင်ခြင်းရှိမည် မဟုတ် ကြောင်း အဆိုတင်သွင်းခဲ့သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထံ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စာအမှတ် ၁ဝ၉/ဝ၁/၁၇ဝ၃/စသက၊ မေလ ၉ ရက် ရက်စွဲဖြင့်ပြန်လည်ပေးပို့ခဲ့သည်။
”လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တိုင်ပင်အပ်သောပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရမယ်လို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ အခု ဒီကိစ္စတွေမှာကျွန်တော်တို့ကို အသိပေးခြင်းမရှိတဲ့အပြင် တင်ပြထားချက်ကိုလည်းလျစ်လျူရှုပြီး ဆုံးဖြတ်ခဲ့တဲ့အတွက်အစိုးရအဖွဲ့ရဲ့ အားနည်းချက်ကို ဥပဒေနဲ့ အညီထောက်ပြပြီး လူထုနဲ့အတူ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်”ဟု တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုတင် သွင်းခဲ့သူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
ဇန်နဝါရီလ ၃ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၅/၂ဝ၁၄) ပါ ဆုံးဖြတ်ချက်အပိုဒ် ၁၇ အရ ရပ်ကွက်နေ ပြည်သူများ ဆန္ဒဖော်ထုတ်နေသည့် ယင်းအားက စားကွင်းနေရာတွင် အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၁၇ အရတန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်ထံပြန်လည်ပေးပို့ အကြောင်းကြားသည့်စာအရ သိရသည်။
အားကစားကွင်းများ ပြန်လည်ရရှိရေးအတွက် ရပ်ကွက်နေပြည်သူများက မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိအမျိုးသားဒီမိုကရေစီ ပါတီသစ်ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
Credit: The Trade Times