တန်ဖိုးနည်း အိမ်ရာများကိုပြည်သူများ၏ စိတ်ဝင်စားမှုအပေါ်မူတည်၍ တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိ၌ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် ရည်ရွယ်ထားသည့် တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်တစ်ခုအနက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တို့တွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ စီမံကိန်းဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။
”အခု ပုသိမ်က ဝန်ထမ်းအိမ်ရာတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဖျက်ပြီး အသစ် ဆောက်နေတယ်။ မကွေးမှာတော့ တန်ဖိုးနည်းအိမ်ရာ လောလောဆယ် လေးခန်းတွဲခြောက်ထပ်တိုက် သုံးလုံး ဆောက်နေတာ နှစ်လလောက်ရှိပြီ။ တစ်နှစ်လောက်တော့ ကြာမယ်။ တိုက်ခန်းတွေ ဆောက်ပြီးလို့ ပြည်သူတွေ ရဲ့စိတ်ဝင်စားမှု ဝယ်လိုအားအပေါ်မူတည်ပြီး ထပ်ဆောက်သွားဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပြင် အိမ်ရာလို အပ်ချက် မြင့်မားလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်မွန်ပြည်နယ်တို့တွင် ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။
”တန်ဖိုးနည်း အိမ်ရာတွေကိုပုသိမ်၊ မကွေး၊ မုံရွာနဲ့ မော်လမြိုင်မြို့နယ်တွေမှာ တည်ဆောက်သွားမယ်။ အမြန်ဆုံးတည်ဆောက်နိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ ဆွေးနွေးနေပါတယ်” ဟုဦးမင်းထိန်က ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများတည်ဆောက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် အိမ်ရာ တည် ဆောက်ရန် မြေနေရာအခက်အခဲမရှိသော်လည်း အိမ်ရာများအတွက်အခြေခံလိုအပ်ချက်များ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေနှင့် မိလ္လာစနစ်များမှာ လိုအပ်နေသေးကြောင်း သိရသည်။
”အိမ်ရာလိုအပ်ချက် မြင့်မားနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာအိမ်ရာတည်ဆောက်ဖို့မြေနေရာက ရန်ကုန်နဲ့ မန္တလေးတို့လောက် ဈေးမကြီးလို့ အဆင်ပြေပေမယ့် အိမ်ရာတစ်ခုဆောက်မယ်ဆိုရင် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်မီဖို့ကလိုအပ်နေသေးတယ်။ လိုအပ်ချက်တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟုဦးမင်းထိန်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်အိမ်ရာလိုအပ်ချက် မြင့်မားလျက်ရှိပြီး ယင်းဒေသများတွင် အစိုးရမှတန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ပေးရန် မြေနေရာအခက်အခဲ မရှိသော်လည်း အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေနှင့် မိလ္လာစနစ်များမှာ စစ်တမ်းကောက် ယူမှုများအရတစ်နိုင်ငံလုံးတွင် လိုအပ်ချက်များရှိနေသေးကြောင်း ကုလသမဂ္ဂ မြိုရွာနှင့် အိုးအိမ်ပြန်လည်ထူ ထောင်ရေးအစီအစဉ် မြို့ပြသုတေသနနှင့်ဖွံ့ဖြိုးရေးဌာန (UN-HABITAT) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
Credit: The Trade Times