ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံထားရသော လယ်သမားများကလယ်ယာ မြေ ပြန်လည်ရရှိရေးနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပြုချက် ခြောက်ချက်ကို လာမည့် ပြည်သူ့လွှတ်တော်တွင်တင်ပြသွားမည်ဖြစ်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ဝင်းက ပြောသည်။
”ပြည်သူက ဒါတွေ တင်ပေးပါဆိုပြီး လက်မှတ်ထိုးပြီး တင်တယ်။ အန်ကယ်က လွှတ်တော်ထဲကို တင် ပေးမယ်။ မေလ ၂ဝ ရက်မှာ ပြည်သူ့လွှတ်တော်က ပြန်ခေါ်ထားတယ်။ ဒါကို အန်ကယ်တို့ရဲ့ ပါတီဥက္ကဋ္ဌကို လည်း တင်ရမယ်။ လွှတ်တော်ကိုလည်းတင်ရမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
တောင်သူလယ်သမားများကိုယ်တိုင် ပြဿနာများ ဖြေရှင်းရေးတွင် ပါဝင်ခွင့်ရအောင် ကြိုးစားမည်။ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများရေးဆွဲရေး၊ ပြင်ဆင်ရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးစား မည်။ တောင်သူလယ်သမား သမဂ္ဂများ၊ ကွန်ရက်များ၊ အသင်းဖွဲ့စည်းရန် ကြိုးစားမည်။ အကြောင်းအမျိုးမျိုး ကြောင့် လယ်ယာမြေသိမ်းခံရသောလယ်သမားများကို ၂ဝ၁၄ ခုနှစ်၊ ဇွန်လမတိုင်မီ လယ်ယာမြေများ ပြန် မပေးပါက ပိုင်ဆိုင်မှုနှင့် လုပ်ပိုင်ခွင့်အထောက်အထား ပြည့်စုံသောလယ်ယာမြေများကို တောင်သူလယ်သမား များမှ ဝင်ရောက်စိုက်ပျိုးမည်။
အတိတ်သမိုင်းကြောင်း သင်ခန်းစာလက်ရှိအခြေအနေများကို သင်ခန်းစာရယူ၍ နောင်အနာဂတ် ရွေး ကောက်ပွဲများတွင် တောင်သူလယ်သမားအကျိုးစီးပွားကို တာဝန်ကျေပွန်စွာ မဆောင်ရွက်ခဲ့သော ပါတီ၊ အဖွဲ့ အစည်း၊ ပုဂ္ဂိုလ်များကို မဲမပေးဘဲ တောင်သူလယ်သမားများ ကိုယ်တိုင် သို့မဟုတ် တောင်သူလယ်သမား အကျိုးစီးပွားကို ဆောင်ရွက်နိုင်သူများကိုသာ ရွေးကောက်တင်မြှောက်ရန် ကြိုးပမ်း အားထုတ်သွားမည်။
အထူးကိစ္စအနေဖြင့် လက်ရှိလယ်ယာမြေဥပဒေတွင်ပါဝင်သောလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့် တွင် အာဏာပိုင်များ မရှိစေဘဲတောင်သူလယ်သမား အကျိုးစီးပွားကို ဆောင်ရွက်သော ပုဂ္ဂိုလ်များသာ အစားထိုး ပြောင်းလဲ ဖွဲ့စည်းကာပြဿနာများကို တရားမျှတစွာ ဖြေရှင်းနိုင်ရန် ကြိုးစားအားထုတ်သွားမည် စသည့် အချက်ခြောက်ချက်ကိုတောင်သူလယ်သမားများက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
”သိမ်းခံရတဲ့ မြေ သုံးဧကကအဆောက်အအုံဆောက်လို့ ကုန်သွားပြီ။ လျော်ကြေးကို လိုချင်တာပေါ့။ စစ်တပ်က သိမ်းထားတာ”ဟု အောင်ဟိန်းကျေးရွာမှ ဦးထွန်းထွန်းကပြောသည်။
KNU မှ ဗိုလ်ကြီးစောလီယိုက”လုပ်သင့်ပါတယ်။ ကျွန်တော်တို့လိုက်ပြီး လုပ်ပေးနေတဲ့ အရာတစ်ခု ဟာ မှားနေပါတယ်။ ပြည်သူက နစ်နာနေတယ်ဆိုတာ တင်ပြ ပြောပေးတယ်။ ဒါပေမယ့် အစိုးရဘက်က တာဝန်ရှိတဲ့အပိုင်းက လုပ်ပေးရမှာကို အကြောင်းအမျိုးမျိုး ပြတယ်။ ကြန့်ကြာတယ်။ ညစ်ပတ်ပြီး ပြန်မ ပေးတာလည်း ရှိတယ်။ ဒါမျိုးတွေကြုံလာပြီး များလာတဲ့အခါကျတော့နောက်ဆုံးအဆင့်က ဒါပဲရှိတော့တယ်” ဟု ပြောသည်။
Credit: The Trade Times