ချင်းပြည်နယ် နတ်မတောင်အမျိုးသားဥယျာဉ် ခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
”ချင်းပြည်နယ်ကိုဝင်တဲ့ နိုင်ငံခြားသား ဦးရေကလည်း သိသိသာသာ တိုးလာတယ်။ အခြေခံအဆောက် အဦပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ အဲဒါတွေလုပ်ဆောင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ် နတ်မတောင်အမျိုးသားဥယျာဉ်ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သဘာဝကို အခြေခံ၍ ခရီးသွားသည့် ဧည့်သည်များမှ လာရောက်လေ့လာကြပြီး ယခုနှစ်အတွင်း ချင်းပြည်နယ်သို့ လာရောက်ကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက် တိုးတက်လာခဲ့ပြီး ယခင်နှစ်က မင်းတပ်၊ ပလက်ဝ ဒေသများသို့ဝင်ရောက်သည့် ဧည့်သည် အရေအတွက်မှာ ၂,ဝဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။
”ချင်းပြည်နယ်မှာ မင်းတပ်၊ ပလက်ဝဘက်ကတော့ ဝိတိုရိယတောင်နဲ့ ပတ်သက်ပြီး Tourist ဝင် နှုန်းတက်နေပြီ။ တီးတိန်၊ ကလေးဝ၊ဖလမ်းတို့ဆိုရင် တစ်လကို ၂ဝဝ လောက် ဝင်နေပြီဆိုတော့ ဧည့်သည် တွေက ပိုများလာပြီ။ အစားအသောက်ပိုင်း၊ တည်းခိုပိုင်းဆိုင်ရာခက်ခဲမှုတွေ ရှိနေသေးတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းဒေသများတွင် တည်းခိုရန် နေရာအခက်အခဲရှိပြီး ဟိုတယ်များ ဆောက်လုပ်ရန်အတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်လျှင် အဆင်ပြေနိုင်ကြောင်း ပြည်တွင်းဟိုတယ် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။
”ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုလည်း ပြောတယ်။ ချင်းပြည်နယ်ကဒေသခံ တစ်ဦးက ဟိုတယ်အခန်း ၂ဝ လောက် လုပ်ချင်တယ်။ ဖက်စပ်လုပ်ရင် လုပ်မယ်။ ဒါမှမဟုတ် မြေငှားရမ်းပြီး လုပ်ရင်လည်း လုပ်လို့ရတယ် ဆိုပြီး ပြောဆို ဆွေးနွေးထားတာတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ချင်းပြည်နယ် နတ်မတောင်အမျိုးသား ဥယျာဉ်ဒေသ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဖွံ့ဖြိုးမှုအတွက်လည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
ချင်းပြည်နယ်ရှိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက်ပြုပြင်မှုများကို ဂျပန်နိုင်ငံမှ အကူ အညီနှင့် ပြုလုပ်မှုများလည်း ရှိနေပြီးပုဂ္ဂလိက လုပ်ငန်းများအားလည်းတင်ဒါခေါ်ယူ၍ ပြင်ဆင်မှုများ ရှိနေ ကြောင်း သိရသည်။
Credit: The Trade Times