ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ် ၄၅ မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးရုံးအများစုမှာ မြေပိုင်ဆိုင်မှု အထောက်အထားများ မရှိဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် ပိုင်ဆိုင်မှုအထောက်အထားများ ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။ ”ရန်ကုန်စည်ပင်နယ်နိမိတ်ထဲ
မှာတော့ အိုးအိမ်နဲ့ စည်ပင်ကမြေယာစီမံခန့်ခွဲမှုကို လုပ်ပေးနေပါတယ်။ ပြင်ပမြို့နယ်တွေရဲ့ မြေယာစီမံခန့်ခွဲမှုကိုတော့ မြို့နယ်ထွေအုပ်ကပဲ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဦးစားပေးဆောင်
ရွက်ပေးပါတယ်” ဟု ¤င်းက ပြောသည်။ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၈၆ ခုရှိကာ အုပ်ချုပ်ရေးမှူးရုံးပေါင်း ၂၈၆ ရုံးရှိသော်လည်း မြေအမည်ပေါက် ရရှိထားသည့် ရုံးများမှာ ၁၇ ရုံးသာရှိပြီး ကျန် ၂၆၉ရုံးမှာ မြေအမည်ပေါက် ရရှိမထားကြောင်း သိရသည်။ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိမြို့နယ်များတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅၉ ခုရှိပြီး အုပ်ချုပ်ရေးမှူးရုံးပေါင်း ၁၅၉ ရုံးရှိသည့်အနက်မြေအမည်ပေါက်ရရှိပြီး ရုံး ၅ဝ ရှိကာအမည်ပေါက်မရရှိသည့်ရုံး ၁ဝ၉ ရုံးရှိနေဆဲဖြစ်သည်။
ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၈၅ ခုရှိပြီး အုပ်ချုပ်ရေးမှူးရုံး ၄၈၅ ရုံး ရှိနေပြီဖြစ်သော်လည်းအမှန်တကယ် မြေအမည်ပေါက် ရရှိထားသည့် ရုံးမှာ ၂ဝ သာ ရှိသည့်အပြင် မြောက်ပိုင်းခရိုင်တွင်လည်းရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၆၂ ခုရှိကာ မြေအမည်ပေါက် ရရှိထားသည့် ရုံးမှာ ၆၇ ရုံးသာ ရှိနေခြင်းကြောင့် စာရင်းဇယားများအရရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၏အုပ်ချုပ်ရေးမှူးရုံး အများစုမှာ မြေပိုင်ဆိုင်မှု အထောက်အထားများ မရှိကြောင်း သိရသည်။အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများကို အလျဉ်းသင့်ရာမြေကွက်လွတ်များပေါ်တွင် ဆောက်လုပ်ကာ လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်းကြောင့် မကြာခဏ ပြောင်းရွှေ့ပေးရခြင်း၊ မြေကွက်ပိုင်ရှင်များနှင့် ပြဿနာမကြာခဏ ဖြစ်ပွားလာခဲ့ရခြင်းတို့ကို တွေ့ကြုံ ရင်ဆိုင်နေရကြောင်း၊သို့သော် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စုအတွက် လိုအပ်သောစီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ရပ်မိရပ်ဖများနှင့် ညှိနှိုင်းတိုင်ပင်၍ အဆင်ပြေသည့်နေရာတွင် အဆင်ပြေသလိုတည်ဆောက်လုပ်ကိုင်နေရသဖြင့်မြေပိုင်ဆိုင်မှုအထောက်အထား မရှိခြင်းဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များက ပြောသည်။ ”ကျွန်တော်တို့မြို့နယ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေဆိုရင်ခနော်နီခနော်နဲ့နဲ့ ပိုင်ဆိုင်မှုမသေချာတဲ့ နေရာမှာ လုပ်နေရတယ်” ဟုပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တိုးက ပြောသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ မြေပိုင်ဆိုင်မှုအထောက်အထားများကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့က စိစစ်ကာ ပိုင်ဆိုင်မှုအထောက်အထားများ ထုတ်ပေးရန်
ဆောင်ရွက်နေကြောင်း၊ စည်ပင်သာယာနယ်နိမိတ် ပြင်ပမှ မြို့နယ် ၁၂ မြို့နယ်ရှိ အုပ်ချုပ်ရေးမှူး ရုံးများအားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၏ ကြီးကြပ်မှုဖြင့် မြေဂရန်များထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ”အရင် မြို့သစ်တည်ခါစကတော့ အဆင်ပြေမယ့် အိမ်တစ်အိမ်မှာ ရဝတ (ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) ရုံးငှားပြီး ဖွင့်ခဲ့ရတယ်။ အခုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလို့ နာမည်ပြောင်းပြီးရုံးဖွင့်လာကြတယ်။ နောက်ပိုင်းကျတော့ အစိုးရပိုင် မြေကွက်အလွတ်မှာရပ်ကွက်က ပိုက်ဆံထည့်ပြီးတော့ရုံးဆောက်ခဲ့တယ်။ ပိုက်ဆံရှိတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေက ဒီမြေနေရာကို မျက်စောင်းခဏခဏထိုးနေကြလို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ ရှိစေချင်တယ်” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ရယက ဥက္ကဋ္ဌ(ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ဥက္ကဋ္ဌ)အဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောသည်။
Credit: The Trade Times