လူနေ တစ်စတစ်စ ထူထပ် သိပ် သည်းလာသည့် ရန်ကုန်မြို့နှင့် ပတ်သက်၍ အခြေခံအဆောက်အဦ များဖြည့်ဆည်းပေးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောသည်။
လူဦးရေ ရှစ်သန်းနီးပါးခန့် ရှိနိုင်သည်ဟု ခန့်မှန်းရသည့် ရန်ကုန်မြို့တော်သို့ အနယ်နယ်အရပ်ရပ်မှ ရွှေ့ ပြောင်း အခြေစိုက်လာသူများ၊ အလုပ်အကိုင် အခွင့်အလမ်းကြောင့် ရောက်ရှိလာသူများ စဉ်ဆက်မပြတ် ဝင် ရောက်နေခြင်းကြောင့် အခြေခံအဆောက်အဦ လိုအပ်ချက်မှာ ပိုမိုမြင့်တက်လျက် ရှိနေသည်။
နာဂစ်မုန်တိုင်းအပြီး နေရာထိုင်ခင်း အခက်အခဲရှိနေသူ ပြည်သူများအတွက် ကျေးရွာများတွင် မြေ နေရာ မရှိသော်လည်း မြို့နယ် မြေစာရင်းအဖွဲ့များနှင့် အာဏာပိုင်များပူးပေါင်းကာ စားကျက်မြေများတွင် ပြန်လည် နေရာချထားပေးခဲ့ရသည်။
ထိုသို့ နေရာချထားပေးရာ၌ နေထိုင်ရမည့် နေရာကို သတ်မှတ်ပေးရုံသာမက အခြေခံ အဆောက် အဦများကိုတစ်ပါတည်း တည်ဆောက်ပေးရသည့် အစဉ်အလာများ ရှိခဲ့သဖြင့်လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေးရှုကာ ပြည်သူ့အကျိုးပြု အခြေခံအဆောက်အဦများ ဖြည့်ဆည်း ဆောင်ရွက်ခြင်းကို ထည့်သွင်း၍စဉ်းစားပေးရန်လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကလွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝဝ၉ ခုနှစ်မှ စတင်ကာ လူဦးရေစတင် ထူထပ် များပြားလာခဲ့သဖြင့် ရေတွင်း၊ ရေကန်များ၊ အခြေခံအဆောက်အဦရင်းမြစ်များကို တိုးပွားလာသည့် လူဦးရေ အချိုးအဆနှင့် လိုက်လျောညီထွေ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများ၌ ရေပြတ်လပ်မှုများ ဖြစ်ပွားလာခဲ့သည်မှာ သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ အခြား လူနေသိပ်သည်း မှုမှ ဖြစ်ပွားသည့် ပြဿနာများစွာလည်း ရှိနေဆဲဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ၏ စကားအရ သိရသည်။
”လူနေမှုထူထပ်လာလို့ မြို့ပေါ်မှာရှိတဲ့ Capacity တွေက မနိုင်တော့ဘူး။ ဥပမာ ရေတွင်း၊ ရေကန်တွေ မှာ ရေအရင်းအမြစ် မလုံလောက်လို့ ရေပြတ်တဲ့ ပြဿနာမျိုးတွေ ဖြစ်လာတယ်။ အခြေခံအဆောက်အဦ ဖြည့်ဆည်းရမယ့် ကိစ္စတွေကိုတော့လွှတ်တော်ကိုယ်စားလှယ်တွေ ထည့်သွင်း စဉ်းစားစေချင်တယ်”ဟု ၎င်း ကတိုက်တွန်းပြောကြားသည်။
ရန်ကုန်မြို့တော် အတွင်းရှိ အခြေခံ အဆောက်အဦများ ဖြစ်သည့် လမ်းများ၊ တံတားများ၊ ရေပေး ဝေရေး စနစ်များကို တိုးချဲ့လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မြင့်တက်လာသော လူဦးရေအချိုးအဆ နှင့်ကိုက်ညီသည့်ပမာဏအထိ အခြေခံအဆောက်အဦများ တိုးချဲ့နိုင်ရန်မှာအကန့်အသတ်များစွာရှိနေဆဲ ဖြစ် သည်။
”အခြေခံ အဆောက်အဦပိုင်းတည်ဆောက်မှုကို တိုးချဲ့ လုပ်ကိုင်နေပါတယ်။ လမ်းတွေကိုလည်း အဆင့်တွေ သတ်မှတ်ပြီး လမ်းချဲ့တာတွေ၊ ကွန်ကရစ်ခင်းတာတွေ စဉ်ဆက်မပြတ် လုပ်နေပါတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
လမ်းများ တိုးချဲ့ခြင်း၊ တံတားဟောင်းများ ပြုပြင်ကာ တံတားသစ်များ တည်ဆောက်ခြင်း၊ ရေပေးဝေ ရေး စီမံကိန်းများ ချမှတ် လုပ်ဆောင်ခြင်းတို့ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစဉ်ဆက်မပြတ်ဆောင်ရွက် နေသော်လည်း ထိုစီမံကိန်းများအတွက် အသုံးစရိတ်စာရင်းကို ပြည်သူတို့အား ဖွင့်ဆိုရှင်းလင်း တင်ပြရန် လိုအပ်နေသည့်အပြင် ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့်လည်းစီမံကိန်းများအတွက် လိုအပ်သည့် ငွေကြေးကို ခွင့်ပြုပေးနေသည့် လွှတ်တော်ကိုယ်စားလှယ်များ အကြားဝေဖန်မှုများ ဖြစ်ပေါ်နေသည်။
”အခြေခံ အဆောက်အဦ တည်ဆောက်ရေးအလုပ်ကို အစိုးရ အဆက်ဆက် နှစ်ပေါင်း ၄ဝ၊ ၅ဝ လောက်တောက်လျှောက် လုပ်ခဲ့တယ်။ ပြည်သူတွေဘဝက အခုအချိန်အထိ ဘက်ပေါင်းစုံမှာ အခက်အခဲတွေ ဖြစ်နေတယ်။ အခုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က အရင်လမ်းစဉ်အတိုင်း အခြေခံ အဆောက် အဦတွေ တည်ဆောက်ဖို့ပဲ အားသန်နေတယ်။ ပြည်သူကို တကယ်အကျိုးပြုပြီး ထိရောက်တဲ့ အလုပ်တွေလုပ် စေချင်တယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ ညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဘတ်ဂျက်လိုငွေ ၆၁ ဘီလျံအထိ ရှိနေသည့်အချိန်တွင် အခြေခံအဆောက်အဦများ တည်ဆောက်ရေး လုပ်ငန်းကို နှစ်တို နှစ်ရှည် စီမံချက်များဖြင့် စဉ်ဆက်မပြတ် လုပ် ဆောင်သွားမည် ဖြစ်သဖြင့် ပြည်သူကို အမှန်တကယ် အကျိုးပြုကာထိရောက်သည့် အခြေခံအဆောက်အဦ များကိုသာ ပွင့်လင်းမြင်သာမှုရှိရှိဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်းလွှတ်တော်ကိုယ်စားလှယ်များက ပြော သည်။
Credit : The Trade Times